
ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၉
မန္တလေးမြို့မှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ရွေးကောက်ပွဲမတိုင်မီ ဒီဇင်ဘာ ၂၇ရက်မှာ မဲစာရင်းနံပတ်မေးကာ မသိသူတွေကို ပါးရိုက်၊ ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက MFP ကို ပြောပါတယ်။
သာမန်နေ့တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို တားဆီးပြီး ဖုန်း၊ မှတ်ပုံတင်နဲ့ လိုင်စင်တွေ စစ်လေ့ရှိပေမယ့် ဒီဇင်ဘာ ၂၇ရက်ကတော့ မဲစာရင်းနံပတ် သိ၊မသိ မေးကာ ပါးရိုက်၊ငွေညှစ်ပြီး ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့လည်း ခြိမ်းခြောက်ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက မန္တလေးမြို့ ၈၄ လမ်း(စစ်ကိုင်းလမ်း)ပေါ်မှာ စစ်အုပ်စု၊ ရဲ၊ ပျုစောထီးနဲ့ အပြာယူနီဖောင်းဝတ်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးပြီးနောက် မဲစာရင်းနံပါတ် မသိသူတွေကို ပါးရိုက်ကာ ငွေညှစ်နေတာ ကြုံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။
“စစ်ကိုင်းလမ်း ကပ်ကျော်ကွေ့နားမှာ ပျုလား၊ ရဲလား မသိဘူး၊ ဆိုင်ကယ်တူးဘောက် စစ်တယ်၊ ဆိုင်ကယ်က အကုန်အစုံပါတော့ မဲစာရင်း နံပါတ်သိလား မေးတယ်၊ ကောင်းကောင်းမွန်မွန်နဲ့ မသိဘူးလို့ ပြောတော့ အရေးယူမယ် ဘာညာပြောပြီး ငွေညှစ်တာ”
စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်မီ မန္တလေးမြို့ပေါ် ညပိုင်းကင်းလှည့်ပြီး တွေ့သမျှပြည်သူကို တားဆီးစစ်ဆေးကာ မဲစာရင်းနံပတ်မေးတာ၊ ရပ်ကွက်တချို့ကို ဧည့်စာရင်းဝင်စစ်ကာ မဲစာရင်းနံပတ်မေးပြီး မဖြစ်မနေ မဲပေးဖို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော့်အသိတစ်ယောက်ဆို အိမ်ရှေ့ခဏ ဂိမ်းထွက်ဆော့တာ သူတို့ဘာသာ ကင်းလိုက်ပတ်ရင်းနဲ့ မဲစာရင်းနံပါတ် မေးတာကို မသိလို့ဆိုပြီး ပါးရိုက်သွားတာ၊ ပြီးတော့လည်း မဲသွားပေးဖို့ ခြိမ်းခြောက်သွားသေးတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ရက် ရွေးကောက်ပွဲ လုပ်တဲ့ နေ့မှာလည်း မန္တလေးမြို့သစ်ပိုင်းတွေမှာ လမ်းပေါ်တက်ကာ ပြည်သူကို တားဆီးစစ်ဆေးငွေညှစ်တဲ့ စစ်အုပ်စု လက်နက်ကိုင် မော်တော်ပီကယ်တွေကလည်း ကားနဲ့ဆိုင်ကယ်တွေကို တားဆီးကာ မဲရုံလိပ်စာ၊ မဲနံပါတ်တွေ မေးပြီးနောက် မဖြေဆိုနိုင်ပါက ကျပ် သုံးသောင်း ငွေညစ်တယ်လို့ ပြည်သူတွေက သတင်းပေးပို့ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ VoMdy က ဖေါ်ပြပါတယ်။
စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၁)အဖြစ် အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ် အပါအဝင် မန္တလေးတိုင်းက ရှစ်မြို့နယ်၊ နိုင်ငံတဝန်း ၁၀၂ မြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာတချို့မှာ ရွေးကောက်ပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမှာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ ပျူတွေ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



