စစ်ဘေးရှောင်ပြီး ရွာထဲပြန်ဝင်တဲ့ ပြည်သူတွေကို မသင်္ကာမူနဲ့ ဖမ်းဆီးကာ ညှဉ်းပန်း၊ သတ်ဖြတ်၊ ပေါ်တာဆွဲ၊ အဓမ္မကျင့်နေ၊
ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးကာ ပစ်ခတ်တိုက်ခိုက်တာကြောင့် တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ သီးနှံစိုက်ခင်းတွေ မရိတ်သိမ်းနိုင်ဘဲ အရှုံးပေါ်နေတယ်လို့ မတ္တရာဒေသခံတွေက MFP ကို ပြောပါတယ်။
လက်ရှိမှာ မတ္တရာတနယ်လုံးနီးပါး စစ်အုပ်စုက ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီမို့ လေကြောင်းတိုက်ခိုက်မှု လျော့နည်းသွားချိန် ဒေသခံတွေက နေရပ်ပြန်ပြီး သီးနှံရိတ်သိမ်းလိုပေမယ့် စစ်အုပ်စုက ခွင့်မပြုဘဲ သူတို့တောင်းတဲ့ငွေ ပေးနိုင်သူကိုသာ သီးနှံရိတ်သိမ်းခွင့်ပြုတယ်လို့ ဆိုပါတယ်။
မတ္တရာနယ်ခံ ပြည်သူတွေ အနေနဲ့ ကိုယ့်စပါးခင်းကို ရိတ်သိမ်းလိုပါက တစ်ဧကကို ကျပ်သုံးသိန်းနှုန်း၊ စပါးရိတ်သိမ်းချိန် ရွာထဲပြန်ဝင်လိုပါက တစ်ဦးကို ရွာဝင်ကြေး ကျပ်တစ်သိန်းနှုန်း သတ်မှတ်ကာ စစ်အုပ်စုခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့တောင်းတဲ့ငွေ မပေးနိုင်သူတွေကို စစ်အုပ်စုက ရွာထဲပြန်ဝင်ခွင့်မပေ၊ စပါးရိတ်ခွင့်မပေးဘဲ ရင့်မှည့်နေတဲ့ စပါးခင်းတွေကို စစ်အုပ်စုနဲ့ သူတို့နီးစပ်သူတွေက ရိပ်သိမ်းယူငင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“အဲ့ဒီ လယ်ကွင်းတွေက သူတို့ လက်ရှိ၊ အဲ့မှာ ရွာထဲမှာ အခု အရင်ဝင်ထားတဲ့ လူကြီးကို သူတို့ လူကြီးခန့်ထားတယ်ပေါ့နော်၊ သူက ရိတ်ခွင့်ပေးတဲ့ လူဆိုရင် ရိတ်ရတယ်တဲ့၊ သူက ရိတ်ခွင့်မပေးတဲ့ လူဆို မရိတ်ရဘူး၊ ပိုက်ဆံလည်း ပေးရတယ်၊ တစ်ဧကကို သုံးသိန်းတဲ့၊ ရိတ်ခနဲ့ သူတို့ပေးတာနဲ့ ရောတောင်းတာ၊ လူတွေ ဝင်မယ်ဆိုရင် တစ်ယောက်ကို တစ်သိန်း တောင်းပါတယ်၊ (မိသားစု) ၁၀ ယောက်ရှိရင် ၁၀ သိန်း၊ ငါးယောက်ရှိရင် ငါးသိန်း”
မတ္တရာမြို့နယ်ဟာ စပါး၊ ကွမ်း၊ ငှက်ပျောနဲ့ ပဲမျိုးစုံ အဓိက စိုက်ပျိုးဒေသဖြစ်ပြီး စပါးစိုက်တောင်သူတွေ အနေနဲ့ ရင်းမှည့်ကာနီး စပါးခင်းတွေကို စွန့်ခွါ ထွက်ပြေးခဲ့ကြရကာ လတ်တလောမှာ ရက် ၉၀ စပါးနဲ့ မဂျမ်းတော စတဲ့ စပါးခင်းတွေက ရင့်မှည့်လို့ ရိတ်သိမ်းချိန်တန်နေပြီလို့ မတ္တရာနယ်ခံတွေက ပြောပါတယ်။
မတ္တရာနယ် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ မတ္တရာ – စဉ့်ကူး ကားလမ်းတလျှောက်က မြို့၊ရွာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်အုပ်စုက ပြန်လည် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
မတ္တရာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အုပ်စု ပြန်သိမ်းနိုင်တာနဲ့ တပြိုင်နက် စစ်အုပ်စုနဲ့ နီးစပ်သူ မိသားစုတချို့ကို ရပ်ရွာထဲ ပြန်ခေါ်သွင်းပြီးနောက် ကျန်ရှိနေသေးတဲ့ ရွာခံတွေကို စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ငွေပေးမှ ရပ်ရွာထဲ ပြန်ဝင်ခွင့်ပေးနေတာလို့ ဆိုပါတယ်။
“သူတို့ ခန့်ပြီးတဲ့ အုပ်ကြီးကို အရင် လှမ်းပြီးတော့ စာရင်းပေးရတယ်၊ စာရင်းပေးပြီးမှ သူတို့က ဘယ်နေ့ကို ဝင်ရမှာဆို အဲ့ဒါ တစ်ယောက်တစ်သိန်းပေးရတာ၊ အိမ်လည်း ပြန်မနေရဘူး၊ တောထဲ သူတို့ ထားတဲ့ နေရာလေး နေရတာ” လို့ မတ္တရာ ဒေသခံ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
အဲ့ဒီလို စစ်အုပ်စုကို ငွေပေးပြီး ရပ်ရွာထဲ ပြန်ဝင်သူတွေကိုလည်း စစ်အုပ်စုက အမျိုးသား အတော်များများကို မင်္သကာမှုနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ တချို့ကို သတ်ဖြတ်တာ၊ ပေါ်တာဆွဲတာတွေလည်း လုပ်နေတယ်လို့ မတ္တရာအရှေ့ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“သူတို့ မသင်္ကာတဲ့လူဆိုရင် ကျမတို့ အသိအကြားတော့ လေးငါးယောက်လောက် ရှိပြီ သတ်တာ၊ အခု အဲ့လို လက်ရှိ လိုက်ဖမ်းနေတဲ့လူတွေ ထွက်ပြေးလည်း ထွက်ပြေးကြတယ်၊ တစ်မြို့နယ်လုံးပေါ့၊ မတ္တရာအရှေ့ခြမ်း တစ်မြို့နယ်လုံးပေါ့”
ဒါ့အပြင် အမျိုးသမီးတွေကိုလည်း မသင်္ကာမှုနဲ့ ဖမ်းဆီးကာ အဓမ္မပြုကျင့်တာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်စခန်းတွေနဲ့ မန္တလေး – မတ္တရာ ကားလမ်း အပါအဝင် မတ္တရာနယ်ထဲရှိ စစ်စခန်း ၃၀ ကျော်ကို တော်လှန်ရေးတပ်တွေက ၂၀၂၄ ကတည်းက သိမ်းပိုက်ခဲ့တာ တစ်နှစ်ကျော်ကြာ စိုးမိုးထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာက စစ်စခန်းတွေကို ပြန်လည် သိမ်းယူနိုင်သလို နိုဝင်ဘာလကုန်ပိုင်းမှာ မတ္တရာတနယ်လုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မတ္တရာနယ် အပါအဝင် မန္တလေး – မိုးကုတ် ကားလမ်းကို ပြန်ရရေး ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်း မရောက်မီ မြို့၊ရွာတွေကို ဗုံးပတ်ကြဲကာ အရပ်သားပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့သလို မြေပြင်စစ်ကြောင်းကလည်း လက်နက်ကြီးထု၊ ဒရုန်းနဲ့ ဗုံးကြဲကာ သတ်ဖြတ်ခဲ့ပါတယ်။ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက ရွာတွေပေါ် ဗုံးကြဲလို့ ဒေသခံပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ တစ်လတည်းမှာပဲ မတ္တရာနဲ့ စဉ့်ကူးနယ်က ကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ရာ ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မတ္တရာနယ်ထဲ စပါးစိုက်နေတဲ့ တောင်သူတွေနဲ့ ယခုရက်ပိုင်း ရွှေဘိုနယ်ထဲ စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



