စစ်ကိုင်းသတင်း

ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်အုပ်စုတပ်လေကြောင်းကနေဗုံးကြဲနေ၊ပြည်သူတချို့ရှောင်တိမ်းနေရ၊

နွေဦး/MFP ၊ ဒီဇင်ဘာ – ၃၀

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ တွေ ဒီဇင်ဘာလ ၃၀ ရက်ဒီနေ့အထိ ဆက်ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဗုံးဆက်တိုက်ကြဲနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကသာမြို့ပြင်က ခမရ-၃၀၉ တပ်ရင်း၊ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၅ နဲ့၈ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်

ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေကို ကျရောက်ပေါက်ကွဲကာ နေအိမ်တွေမီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းကလည်း ကသာမြို့ပြင်က ပိန္ဒဲကုန်းရွာကို လေကြောက်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အတိအကျမသိရသေးဘူးလို့ အဲဒီအခြေအနေကိုသိတဲ့ အဝေးရောက်ကသာဒေသခံတစ်ဦးက MFPကို ပြောပါတယ်။

“မနေ့ညက ပြောတာတော့ စစ်တပ်ထိုင်ထားတဲ့ ရပ်ကွက် -၅ ကလူတွေတော့ ပြောင်းရွှေ့ကုန်တယ်ပြောတယ်။ ဖုန်းဆက်နေရင်းကို ပိန္နဲကုန်းဘက်ကို ကြဲနေတာ။ နှစ်ကြိမ်ကြဲသွားတာပြောတယ်။ ဒီမနက်တော့ မြို့ထဲလက်နက်ကြီးသံမကြားရဘဲ တိတ်ဆိတ်နေတယ်တဲ့ မြို့ပြင်မှာတော့ လေယာဉ်ပစ်နေတယ် သိထားပါတယ်။ အခုက ဖုန်းကခေါ်လို့မရတော့ဘူး ရိုးရိုးမက်ဆေ့တွေကနေပဲ ပို့ပြီးဆက်သွယ်ရတယ်။ ဖုန်းကခေါ်မရတော့ဘူး”

ဒါ့အပြင် ကသာမြို့အတွင်းက ပြည်သာယာ၊ ကြံတော၊ လယ်ပြင်စု၊ တပ်ဦးကျောင်း၊ သဖန်းဆိုင်း၊ ပတ္တမြား၊ လျှပ်စစ်ကုန်း၊ ပိန္နဲကုန်းနဲ့ကျန်တောစတဲ့ ကျေးရွာရပ်ကွက်တွေမှာ နေထိုင်တဲ့ မြို့ခံတစ်ဝက်လောက်ဟာ မနေ့ညပိုင်းကတည်းက စစ်ဘေးရှောင်ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ မြို့အဝင်အထွက်လမ်းမကြီးတွေအပြင် တုံးပေါ၊ ကျောက်ပုံ၊ သဖန်းကိုင်းနဲ့အင်းစတဲ့ မြစ်ကူးဇတ်ဆိပ်တွေကိုပါ ပိတ်ပစ်လိုက်တာကြောင့် ဒေသခံရာနဲ့ချီလည်း အဲဒီဘက်တွေမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် မိုးတားလေး၊ ကျောက်ထုံးကြီး၊ အင်းစတဲ့ကျေးရွာမှာ အခြေစိုက်ထားတဲ့ တိုက်နယ်အဆင့် ရဲစခန်းတွေကို ကသာမြို့ပေါ်ကို ပြောင်းရွှေ့သွားတာကြောင့် ကသာမြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဟာ မြို့ပေါ်ရပ်ကွက် – ၅၊ မြို့နယ်အားကစားကွင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှိတဲ့ အာဇာနည်ကွင်းစတဲ့ နေရာသုံးခုမှာ အခိုင်အမာတပ်စွဲထားပြီး လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်အုပ်စု စခန်းတွေအထဲက ကသာမြို့ကို ကာရံထားတဲ့ ခြေမြန်တပ်ရင်း(ခမရ-၃၀၉)တပ်ရင်းနဲ့ စစ်အုပ်တွေအထိုင်ချတပ်စွဲထားတဲ့ မြို့တွင်းက ရပ်ကွက်-၅ စတဲ့နေရာနှစ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်ဖွဲ့ခွဲပြီးတိုက်နေတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဆိုကြပါတယ်။ ဒါ့အပြင် ကျန်တောရွာဟာ ခမရ-၃၀၉ တပ်ရင်းနဲ့နီးကပ်လွန်းတာကြောင့် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့မီးလောင်ပျက်စီးနေသလို မနေ့ကတည်းက ရွာလုံးကျွတ်စစ်ရှောင်နေကြရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကသာမြို့ပေါ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ အုပ်စု လူဦးရေ ၁၆၇,၇၃၄ ဦးနေထိုင်ပြီး ဒေသခံအများစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button