အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃၀
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေက ဒီဇင်ဘာလ ၂၉ ရက်မှာ ကျေးရွာတွေကို ဝင်ရောက်စီးနင်ပြီးနောက် ဒေသခံငါးဦးကို ဖမ်းဆီးကာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
ကပစ-၂၄ ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်အုပ်စုတပ်ဟာ စစ်ကြောင်းစထွက်တဲ့ ဇင်ဘာလ ၂၉ ရက်မှာပဲ ကျောက်မဲတောင်ကျေးရွာက ပြည်သူသုံးဦးနဲ့ မန်းကျည်းကုန်းရွာက ပြည်သူနှစ်ဦး တို့ကိုဖမ်ဆီးသွားတာကြောင့် ဒေသခံပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
“ကျောက်မဲတောင်က သုံးဦးနဲ့ မန်းကျည်ကုန်းက နှစ်ဦးလို့ အရင်ဆုံးကြားရတယ်၊ပြည်သူတွေက ညကတည်းက ထွက်ပြေးနေကြရတာ”
စစ်အုပ်စုစစ်ကြောင်းကြောင့် ကျောက်မဲတောင်၊ ကျောက်တံခါး၊ ခင်အေးနဲ့ မျှားပိုင်းစတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်းဆယ်ရွာကျော်က ဒေသခံပြည်သူနှစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမတစ်ပတ်စပြီး ပခုက္ကူအခြေစိုက် တပ်မ -၁၀၁ကနေ အင်အား ၂၂၀ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင့် ဒီဇင်ဘာလ ၂၉ ရက်မှာတော့ ပေါက်မြို့နယ် အနောက်မြောက်ပိုင်း ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ ကနေထွက်လာတဲ့ အင်အားနှစ်ရာကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်းနဲ့ ပေါက်နဲ့ပခုက္ကူအစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ပခုက္ကူမြို့နယ် ကမ္မမြို့အနီးမှာလည်း ကမ္မမြို့မရဲစခန်းကထွက်လာတဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက ပခုက္ကူမြို့နယ် သရက်ကန်ကျေးရွာကို ဝင်ရောက်မီးရှို့နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းဟာ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းကို ကားသုံးစီးနဲ့ရိက္ခာပို့ပြန်လာခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်က နှမ်းဆီကန်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အထိအခိုက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်နဲ့ပေါက်မြို့နယ်တို့မှာ စစ်အုပ်စုစစ်ကြောင်းတွေက ဒီဇင်ဘာလ အစောပိုင်းကတည်းက စစ်ကြောင်းဆက်တိုက်ထိုးနေပြီး လေကြောင်းကနေလည်း မြိုင်မြို့နယ်အနောက်ခြမ်းနဲ့ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
Photo – ပန်းတိုင်ဌာနေ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



