ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုက ပြည်သူ အမျိုးသမီး နှစ်ဦးကို သတ်ဖြတ်၊
စစ်အုပ်စုက လူသတ်၊ ဖမ်းဆီး၊ ဗုံးကြဲနေလို့ ကျေးရွာ ၁၅ရွာ ထွက်ပြေးနေကြရ၊
စစ်အုပ်စုက လူသတ်၊ ဖမ်းဆီး၊ ဗုံးကြဲနေလို့ ကျေးရွာ ၁၅ရွာ ထွက်ပြေးနေကြရ၊
သုထက်၊ MN/MFP၊ ဒီဇင်ဘာ – ၃၀
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ လေကြောင်းဗုံးကြဲနေလို့ ကျေးရွာ ၁၅ ရွာက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မုံရွာနဲ့ ဘုတလင်မြို့ကြားရှိ စစ်အုပ်စု အခြေပြုရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ထဲက ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၆ရက်ကစလို့ ဘုတလင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြာင်းထိုးနေတာ ဖြစ်ပါတယ်။
“စထိုးကတည်းက အင်အား ၁၅၀ နီးပါး ပါတယ်၊ ၂၈ ရက်က သံပြားကာ နှစ်စီးနဲ့ ၅၀ခန့် အင်အား ဖြည့်ထားတယ်၊ (ဒီဇင်ဘာ၂၉) ဒီမနက် အင်အား ၂၀၀ နဲ့ စပြီး စစ်ကြောင်းထိုးတော့ စစ်ရှောင်ရွာတွေ ထပ်တိုးလာတယ်” လို ဘုတလင်အခြေစိုက် ဒေါင်းရာဇာ စစ်ရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဘုတလင်နယ် ဇီးတောရွာထဲ အခြေပြုကာ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်အထိ ဆက်လက် စစ်ကြောင်းထိုးနေတာကြောင့် နမခ နဲ့ ဘုတလင်မြို့ကြားရှိ ကျေးရွာ ၁၅ရွာခန့်က ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတာလို ဆိုပါတယ်။
“စစ်ကြောင်းက ဇီးတော(ရွာ)ကနေ မြောက်ဘက်ကို ထွက်လာတော့ ရှောင်ရတဲ့ ရွာတွေက များတယ်။ ကျေးရွာ ၁၅ ရွာလောက်နဲ့ ဘုတလင်မြို့ပေါ်က ရှောင်နေရတာ” လို့ ဒေါင်းရာဇာ စစ်ရှောင်ကူကယ်ရေး အဖွဲ့ဝင်က ဆက်ပြောပါတယ်။
ဒါ့အပြင် ဘုတလင်မြို့အတွင်းရှိ စစ်အုပ်စုကလည်း ဒီဇင်ဘာ ၂၉ရက်က စလို့ တောင်ဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး နမခနဲ့ ဘုတလင်မြို့ကြားရှိ ကျေးရွာတွေကို နှစ်ဖက်ညှပ် ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
နမခကနေ ဘုတလင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသလို ထနောင်းကုန်းရွာအနီး ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ ကံသစ်ရွာရှိ ပြည်သူအမျိုးသမီးကြီးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ သတင်းကြားကြောင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဘုတလင် – မုံရွာနယ်အစပ် ထွက်မပြေးနိုင်တဲ့ ပြည်သူကို စခတွေက သတ်ဖြတ်တာတွေ ရှိတယ်လို့ သတင်းရထားပါတယ်။ ထနောင်းကုန်းရွာမှာ ခရီးသွား အမျိုးသမီးတစ်ယောက်၊ ကံသစ်ရွာက မိန်းမကြီး တယောက်၊ နှစ်ယောက် အသတ်ခံထားရ။ ဓားစာခံ ဖမ်းဆီးထားမှုများလည်း ရှိ။ ထနောင်းကုန်းဘက်က တမြန်နေ့က၊ ကံသစ်က မနေ့ ညနေကမှ ဖြစ်တာ”
ဒေသခံပြည်သူ အနည်းဆုံး နှစ်ယောက်ကို စစ်အုပ်စုက သတ်ဖြတ်ပြီးဖြစ်ကာ ဓားစာခံ ဖမ်းထားသူတွေလည်း ရှိတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
“အသက်ကြီးအမျိုးသမီး နှစ်ယောက် သတ်ခံထားရတယ်။ တစ်ယောက်က ထနောင်းကုန်းဘက်မှာ၊ လက်နက်ကြီး မှန်တာဗျ။ တစ်ယောက်က ကံသစ်ဘက်မှာ၊ စစ်ခွေးတွေက သေနတ်နဲ့ ပစ်သတ်သွားတာပါ။ ဓားစာခံတွေ အများကြီး ဖမ်းခံထားရပါတယ်။ မနေ့က နေ့ခင်းဘက်က ဖြစ်မယ် အချိန် အတိအကျ မသိရဘူး။ ညနေက အလောင်းမြင်မှ သိရတာမို့ပါ”
စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေ အနေနဲ့ စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဘုတလင်မြို့ပေါ်နဲ့ အနီးဝန်းကျင် ရွာတွေကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေပြီး ဒီဇင်ဘာ ၂၈ရက်က ဘုတလင်မြို့မှာ တိုက်ပွဲဖြစ်ပွားချိန် စစ်အုပ်စုက မြို့ပေါ်နဲ့ မြို့ပတ်လည်ကို ပါရာမော်တာ – စက်တပ်လေထီးနဲ့ ၁၀ကြိမ်၊ Y-12 လေယာဉ်နဲ့ ရှစ်ကြိမ် ဗုံးကြဲခဲ့သလို ဒရုန်း၊ လက်နက်ကြီးတွေလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာလည်း နမခက တက်လာတဲ့ Gyrocopter – ရဟတ်ယာဉ်ငယ် သုံးစီးနဲ့ ဘုတလင်နဲ့ နမခကြား ရွာတွေကို ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ဒီဇင်ဘာ၂၈ရက်မှာ မုံရွာမြို့ပေါ် အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် မုံရွာနဲ့ ထိစပ်နေတဲ့ ဘုတလင်မြို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်အုပ်စုက မြို့ကြဲခုခံလို့ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
“မနက်စောစောတိုက်ပွဲက ကိုယ့်ဘက်က အသာစီးရတော့ လေကြောင်း လာကူတော့တာ၊ တိုက်ပွဲဖြစ်နေတုန်း ကိုယ့်ဘက်က သုံးကျတယ်၊ နေ့လည်ပိုင်း ပြန်ဆုတ်တော့ အသေခံ ဒရုန်းနဲ့ လာချလို့ ရဲဘော်သုံးယောက် ထပ်ကျတယ်၊ စကစ ဘက်ကတော့ နှစ်ယောက်ကျတာ အတည်ပြုရတယ်” လို့ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
ဘုတလင်မြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ ဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ကျေးရွာတွေဟာ ဇီးတောအနောက်ရွာ၊ ကံသစ်၊ ထန်းနောင်းကုန်း၊ သက်ရှည်ကံ၊ ရွှေချောင်းလည်၊ အောင်ချမ်းသာ၊ သရက်တိုရိုး၊ မှန်တော၊ ညောင်ရိပ်သာ၊ ညောင်ပင်ကန်၊ သပြေပင်၊ ရှမ်းတဲ၊ ထန်းတန်း၊ ရွှေတောင်ရွာနဲ့ ဘုတလင်မြို့ပေါ် ရပ်ကွက်တွေ ဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သောင်းချီတယ်လို့ ဆိုပါတယ်။
ဘုတလင်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ ဖမ်းဆီး၊ လူသတ်နေသလို လေကြောင်းဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း



