မကွေးသတင်း

YawLand Opperation အတွင်း ဂန့်ဂေါနယ်က စစ်အုပ်စုပျူစောထီးစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃၀

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စစ်အုပ်စုပျူစောထီးစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို ပျူစောထီးတွေရဲ့ ကျေးရွာအထိုင်စခန်းနှစ်ခုကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က MFP ကို ဒီနေ့ပြောပါတယ်။

စစ်အုပ်စုတပ်လက်အောက်ခံ ပျူစောထီးစခန်းတွေကို YawLand Opperation အမည်နဲ့ ဂန့်ဂေါခရိုင်စစ်ဌာနနဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်‌မတော် ဂန့်ဂေါခရိုင်စစ်ဌာနကလည်း မကြာခင်က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် မနက်ကစတင်ပြီး ဂန့်ဂေါနယ်မြောက်ခြမ်းက ပျူစောထီးအထိုင်စခန်းတွေရှိတဲ့ ကျေးရွာ ၁၂ ရွာကို ဂန့်ဂေါခရိုင်စစ်ဌာနအောက်က တပ်ရင်းတွေနဲ့တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်ဆင်ရေးစတင်တဲ့နေ့မှာပဲ ပျူစောထီးအထိုင်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“(ပျူစောထီးကျေးရွာနှစ်ခု)တိုက်ပွဲချိန်လေးနာရီအကြာမှာပဲရရှိခဲ့တာ၊ဒီနေ့လည်း မနက်ပိုင်းမှာ အပြန်အလှန်လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့နေ့တပိုင်းလောက်ထိ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်ဗျ၊ နောက်ပြီးတော့ ကျွန်တော်တို့ရဲဘော်တွေဘက်ကလည်း ဘယ်လိုအနေအထားဖြစ်ဖြစ် ပြန်ဆုတ်မယ့် အနေအထားမရှိဘူး၊ ယတိပြတ်ကြိုးကြိုးစားစားတိုက်နေကြတယ်ဗျ”

ဂန့်ဂေါနယ်မှာ ပျူစောထီးကျေးရွာ ၁၂ ရွာရှိတဲ့အထဲက တော်လှန်ရေးတပ်ဖွဲ့တွေကို နှစ်ရွာကို သိမ်းပိုက်နိုင်ထားတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ဂန့်ဂေါခရိုင်တပ်ရင်း-၃ က တပ်စိတ်မှူး မိုးထက်အောင် ကျဆုံးခဲ့ပြီး တပ်ဓလေ့ထုံးတမ်းတွေနဲ့အညီ သေနတ်ပစ်ဖောက်ကာ အခမ်းအနားနဲ့သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း-၃က ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါနယ်က စစ်အုပ်စုပျူစောထီးအထိုင်တွေမှာ မြောက်ခရန်းပျူစောထီးစခန်း၊ ဟံသာဝတီပျူစောထီးစခန်းတွေနဲ့ အနီးအနားက လက်အောက်ခံ ပျူစောထီးကျေးရွာတွေမှာ နေထိုင်နေသူတွေလည်း တိုက်ပွဲစတင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသလို ဒီဇင်ဘာလ ၂၇ ရက်တစ်ရက်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ကျော်ရှိခဲ့ပြီး အရပ်သားတွေထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။

မကွေးတိုင်းအတွင်းက ဆင်ဖြူကျွန်းမြို့၊စလင်းမြို့တို့မှာလည်းတော်လှန်ရေးတပ်တွေက စစ်အုပ်စုအထိုင်စခန်းတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့အထိ မြို့တွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဝန်းရံထားတာဖြစ်ပါတယ်။

Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button