စစ်ကိုင်းသတင်း

ကလေးမြို့မှာ ပျူစောထီးအဖွဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး လက်လွန်သေဆုံး၊

ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စု လက်အောက်ခံပျူစောထီးလက်နက်ကိုင်တွေ ဖမ်းဆီးနှိပ်စက်ရာမှာ သွေးထွက်လွန်သေဆုံးခဲ့တယ်လို့  ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပျုစောထီးတွေလက်ချက်နဲ့ သေဆုံးခဲ့သူကတော့ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းမှာ သူနေထိုင်ရာ အောင်ဇေယျရပ်ကွက်ကနေ မိခင်ဖြစ်သူနေထိုင်တဲ့ မြို့လှရပ်ကွက်ကိုသွားရာမှာ ကင်းလှည့်နေတဲ့ ပျုစောထီးတွေနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းမှာ ဖမ်းဆီးခံရပြီးနောက် ၂၉ ရက်နေ့မှာတော့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲ ညမှာဖြစ်တာ၊မြို့သာရပ်ကွက်မှာ ဖမ်းခံရတာ ၊ဖမ်းခံရတော့ ပျူစောထီးတွေက လက်ပြန်ကြိုးတုပ်ဖမ်းတာ ။သူက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်ခံရတယ်။၊ချက်ချင်းမသေဘူး။နောက်တော့ ပျူစောထီးတွေက ခေါင်းကို ‌သေနတ်ဒင်နဲ့ဆောင့်ထာတာ ခေါင်းမှာလဲ ဒဏ်ရာတွေနဲ့ သေနတ်လဲမှန်ထားတော့ အဲ့ဒီမနက်မှာပဲ သွေးထွက်လွန်ပြီး ဆုံးသွားတာ” 

သေဆုံးသူ ဦးမောင်ကြီးဟာ ကျန်းမာရေးကောင်းမွန်သူတစ်ဦး ဖြစ်ပြီးတော့ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်နွယ်မှုမရှိဘဲ တောင်သူလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ ဦးမောင်ကြိးရဲ့ရုပ်အလောင်းကို ပျူစောထီးတွေက အလောင်းဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပြီးတော့ မိသားစုဝင်တွေလဲ ချိန်းခြောက်တာတွေရှိတယ်လို့ အောင်ဇေယျရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘာ ရောဂါမရှိဘူး။အကောင်းကြီး ၊သန်သန်မာမာပဲ၊သူ့အလောင်းကို ပျူစောထီးတွေက ဖျောက်ဖို့ ကြိုးစားသေးတယ်။နောက်မှ အလောင်းပြန်ပေးတာ ၊နာရေးမှာ သွားကြည့်တော့ ရင်ဘတ်မှာ ဒဏ်ရာ တွေ့တယ်၊ခေါင်းကတော့ အိနေတယ်၊သေနတ်ဒဏ်ရာကတော့ ကျောကုန်းကနေ ပေါက်သွားတာ၊ကန့်လန့်ဖြတ်ပေါက်တာ “

ဦးမောင်ကြီးရဲ့နာရေးကိုတော့ ဒီဇင်ဘာ ၃၀ ရက် ဒီနေ့မှာပဲ ပြုလုပ်ခဲ့ပြီးတော့ မိသားစုဝင်နဲ့ အသိမိတ်ဆွေတွေ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာ စစ်အုပ်စု ဖမ်းဆီးနှိပ်စက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ မေလ ၂၄ ရက်မှာ ကိုမင်းမင်း ၊၂၀၂၁ ဇွန် ၂၃ ရက်မှာ Mai Nuam  Za Thiang (မိုင်နွမ်ဇာတီရမ်း )၊ ၂၀၂၁ ဇွန် ၂၆ ရက်မှာ ကိုဇော်ထက်နဲ့ ၂၀၂၁ စက်တင်ဘာ ၁၁ ရက်နေ့မှာ ဦးကျော်မင်းတို့ သေဆုံးခဲ့ရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button