မန္တလေးသတင်းအညာမြေ တော်လှန်ရေး

စဉ့်ကူးနဲ့ သပိတ်ကျင်းအစပ် ချောင်းကြီးရွာ စစ်အုပ်စု ပြန်ရသွား၊

မန္တလေး-မိုးကုတ် ကားလမ်းပိုင်းတစ်ခုလုံးနီးပါးကို စစ်အုပ်စု ပြန်ထိမ်းချုပ်၊

မန္တလေး-မိုးကုတ် ကားလမ်းပိုင်းတစ်ခုလုံးနီးပါးကို စစ်အုပ်စု ပြန်ထိမ်းချုပ်၊

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်ရှိ ချောင်းကြီးကျေးရွာတွေကို ဒီဇင်ဘာ ၃၀ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ် သုံးခုလုံးကို ပြန်ရရေး ဇွန်လကတည်းက တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ အဲ့ဒီ သုံးမြို့နယ်လုံးကို ပြန်ရသွားတာဖြစ်ပြီး မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း လမ်းကို အပြည့်အဝ ထိန်းချုပ် စိုးမိုးခွင့်ပြန်ရသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးနဲ့ မန္တလေး – မိုးကုတ်ကားလမ်းပေါ် ပြန်လည် ခြေချကာ လမ်းပိုင်းကို စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုက ဇွန်လမှာ ပြန်လည် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်နဲ့ ရှရှားက ထောက်ပံ့တဲ့ ဒရုန်းအားကိုး၊ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံတိုက်ခိုင်းကာ တရစပ် ထိုးစစ်ဆင်တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုက လေကြောင်းကို အဓိက အားပြုကာ မြေပြင်ကနေလည်း သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်က အထိအခိုက် နည်းအောင် သိမ်းပိုက် နယ်မြေတွေကနေ ပြန်ဆုတ်ခွာပေးလိုက်တာ ဖြစ်တယ်လို့ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

လက်ရှိမှာ ချောင်းကြီးရွာ အပါအဝင် စဉ့်ကူးနယ်ထဲက ကျည်တောက်ပေါက်၊ ကန်တောင် စတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ပြန်သိမ်းယူသွားပြီ ဖြစ်ပြီး အဲ့ဒီ ရွာတွေကို စစ်အုပ်စုက အင်အား ၁၀၀၀ လောက်နဲ့ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးသလို စဉ့်ကူး – သပိတ်ကျင်း ကားလမ်းအတိုင်း အထက်အောက် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

“ခွေးက အသားကုန်၊ ၁၀၀၀ စစ်ကြောင်းကို ၅၀၀ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးတဲ့ အနေအထား” လို့ ချောင်းကြီးရွာ ပြန်ပါသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိမှာ သပိတ်ကျင်းနယ်၊ လိပ်ကျဘက်ကနေ ဆင်းလာတဲ့ စစ်အုပ်စ တစ်ဖွဲ့၊ စဉ့်ကူးနယ် လက်ပန်လှကနေ တက်လာတဲ့ စစ်အုပ်စု တစ်ဖွဲ့နဲ့ နှစ်ဖက်ညှပ်ကာ ကားလမ်းတလျှောက် နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မတ္တရာ ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ရှိ စစ်ရှုံးနယ်မြေတွေ အားလုံးနီးပါး ပြန်ရသွားပြီမို့ မန္တလေး-မတ္တရာ-ဖော့တော-မိုးကုတ် လမ်းပိုင်းကိုလည်း အပြည့်အဝ ထိန်းချုပ်စိုးမိုးသွားပြီလို့ ဆိုပါတယ်။

စစ်အုပ်စုက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်း မရောက်မီ မြို့၊ရွာတွေအပေါ် ဗုံးပတ်ကြဲ သတ်ဖြတ်သလို မြေပြင်စစ်ကြောင်းကလည်း စီးနင်းနိုင်တဲ့ ကျေးရွာတွေရှိ ထွက်မပြေးတဲ့ ဒေသခံတွေကို PDF မသင်္ကာမူနဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပေါ်တာဆွဲတာ၊ အိမ်မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ မြို့၊ရွာတွေ၊ အရပ်သားပြဘ်သူ ရှိတဲ့ နေရာတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ထုတာတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ တစ်လတည်းမှာပဲ မတ္တရာနဲ့ စဉ့်ကူးနယ်ရှိ ပြည်သူတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ရက်အထိ သုံးရက်တာအတွင်းမှာကိုပဲ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်း ရွှေဘို၊ ခင်ဦးနဲ့ ကန့်ဘလူနယ်ဘက် စစ်ဘေးရှောင် ထွက်ပြေးတဲ့ ပြည်သူတွေကို စစ်အုပ်စုက လိုက်လံ ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုက မြို့၊ရွာတွေ ပြန်သိမ်းယူထားပြီ ဖြစ်ပေမယ့် ဗုံးကြဲတာ၊ လူသတ်တာ၊ ဖမ်းဆီး ပေါ်တာဆွဲတာတွေ ဆက်လက် ကျူးလွန်နေဆဲမို့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ဩဂုတ်လအတွင်း ချောင်းကြီးရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက ရွာကို ဗုံးကြဲဖျက်ဆီးခဲ့စဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button