အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြော၊
ရွှေဥ/MFP ၊ ဒီဇင်ဘာ-၃၁
ဒီဇင်ဘာလ ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ ချင်းညီနောင်(Chin Brotherhood) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်အခမ်းအနားမှာ အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တဖွဲ့နဲ့တဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့လိုကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ဒုတိယဥက္ကဌ- ၁ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောပါတယ်။
ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ရဲ့ပန်းတိုင်ဟာ တကယ်စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ပန်းတိုင်ဖြစ်ပြီးတော တော်လှန်ရေးလုပ်ကိုင်နေကြသူအားလုံးအနေနဲ့ ဘယ်ကဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ ပန်းတိုင်အတိအကျရှိတယ်လို့ယုံကြည်ကြောင်း ဆိုပါတယ်။
“ကျနော်တို့ တိုက်ပွဲတွေအချိန်တော်တော်များများဆင်နွှဲခဲ့ကြပါပြီ။စခန်းသိမ်းတာတို့ ကိုယ်ဘက်ကအနိုင်ရတာတို့ ၊ကိုယ်ဘက် အရေးနိမ့်တာတို့အများကြီးရှိပါတယ်။အောင်ပွဲဆိုတာ နောက်ဆုံးအဆုံးအဖြတ်မှာ ထွက်ပေါ်လာတဲ့ အဖြေဟာအောင်ပွဲဖြစ်ပါတယ်။ကျနော်တို့ဟာတူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။တော်လှန်တယ်၊မတရားမှုကိုတော်လှန်တယ်။ဒါကျနော်တို့ရဲ့အစဖြစ်ပါတယ်။ကျနော်တို့ရဲ့ပန်းတိုင်ကတော့ တကယ်စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ပန်းတိုင်ဖြစ်တယ်။အဲ့ဒီတော့ ကျနော်တို့ ဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ အတိအကျရှိတယ်လို့ယုံကြည်ပါတယ်”
ဒီလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကိုသွားရာမှာတော့ အတိတ်မှာ မစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုရယူကာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းနိုင်ဖို့လိုအပ်ပြီး စစ်ရေး၊နိုင်ငံရေး၊အုပ်ချုပ်ရေး ပိုင်းတွေမှာ စီမံကိန်းတွေရေးဆွဲဟာ ပွင့်ပွင်းလင်းလင်းဆွေးနွေးကြဖို့လိုတယ်လို့ သူက ပြောပါတယ်။
“မြန်မာနိုင်ငံရယ်လို့ပေါ်ထွန်းလာတဲ့အချိန်ကတည်းက ကျနော်တို့ဟာတစုတစည်းတည်း ကျနော်တို့နိုင်ငံကိုမတည်ဆောက်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့ ဒီနေ့ အထိ ဖရိုဖရဲ ဖြစ်နေရတာ ကျနော်တို့ရဲ့အတွေ့အကြုံဖြစ်ပါတယ်။အဲ့ဒီတော့ ဒီတစ်ကြိမ် နွေဦးတော်လှန်ရေးဟာ အစီအစဉ်တကျ တော်လှန်ပြီး ၊အစီအစဉ်တကျ ကျနော်တို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် အခွင်းရေးတစ်ခုဖြစ်ပါတယ်။အခင်းအကျင်းအသစ်ဖြစ်ပါတယ်။ဒီလို အခင်းအကျင်းအသစ်မှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့စိတ်ဓါတ်ခွန်အား၊ကာယခွန်အားအားလုံးကိုအရင်းအမြစ်ပြုပြီးတော့တော်လှန်ရေးနေတဲ့တချိန်တည်းမှာပဲ ကျနော်တို့ဘာတွေလိုချင်သလဲ ၊ဘာတွေတဖက်နဲ့တဖက်ပေးရမလဲဆိုတဲ့နားလည်မှုအပိုင်းတွေနဲ့ ပွင့်ပွင်းလင်းလင်းဆွေးနွေးဖို့အပိုင်းတွေ ဖြစ်ပါတယ်”
ဒါ့အပြင် တော်လှန်ရေးမှာ မတရားမှုကို တွန်းလှန်နေခြင်းဟာ အင်အားစုစည်းရာမှာ အလွန်အရေးကြီးတဲ့အပြင် စုစည်းမှုအင်အားဟာလည်း ခွန်အားအစစ်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကဆက်ပြောပါတယ်။
တစ်ဆက်ထဲမှာပဲ စစ်ရေး ၊နိုင်ငံရေး၊အုပ်ချုပ်ရေး အပိုင်းတွေရဲ့ အားသာချက် ၊အားနည်းချက်တွေကို ဝေဖန်ပိုင်ခြားပြီးတော့ စီမံကိန်းတွေ ချကာ ဗျူဟာကျကျလုပ်ဆောင်ကြဖို့လိုတယ်လို့သူက ပြောပါတယ်။
“စစ်တိုက်တဲ့လူဟာ နိုင်ငံရေးကျွမ်းကျင်ချင်မှကျွမ်းကျင်မယ်။ထိုနည်းလည်းကောင်းပဲ အုပ်ချုပ်ရေးကဏ္ဏမှာတာဝန်ယူတဲ့သူကတော့ အခြားတဖက်မှာသူ့အနေနဲ့ အင်အားအပြည့်နဲ့လုပ်နိုင်ချင်မှလုပ်နိုင်မယ်။ဒီဟာတွေ အားလုံးစုစည်းပေးတဲ့ ဦးဆောင်ဦးရွက်ပေးတဲ့ စီမံကိန်းတွေလိုပါတယ်။ဒါဟာ ကျနော်တို့ရဲ့ မဟာဗျူဟာဖြစ်ပါတယ်။
ဒီနေ့ ကျနော်တို့အင်အားတွေကို စုစည်းဖို့ပြောတဲ့အခါမှာ တခါတလေ မှာကျနော်တို့ဆီမှာအားမရပါဘူး။ကျနော်တို့တိုင်းရင်းသားတွေအသီးသီးမှာငြင်းပယ်လို့မရတဲ့အချက်ဖြစ်ပါတယ်။ချောင်းလေးတစ်ချောင်းမှာ ရှိတဲ့ရေနေသတ္တဝါတွေကတော့နည်းပါတယ်။ချောင်းတွေသုံးလေး ချောင်းအများကြီးပေါင်းစည်းပြီး မြစ်ကြီးဖြစ်လာတယ်။ဧရာဝတီမြစ်ကြီးဖြစ်လာတယ်။ဧရာဝတီမြစ်ကြီးမှာ ရှိနေတဲ့ရေနေသတ္တဝါတွေက ပိုများပါတယ်။ပိုပြီးအကျိုးပြုနိုင်ပါတယ်။ပိုပြီးမှာဧရာဝတီမြစ်ကြီးကို အသုံးချနိုင်သလိုပဲ ၊ကျနော်တို့အင်အားတွေစုစည်းလို့ရှိရင် တနိုင်ငံလုံးကို အကျိုးပြုနိုင်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့ မြစ်ကြီးတစ်စင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ဒုတိယ ဥက္ကဌ တက်ရောက်တဲ့ချင်းညီနောင်အစည်းနောင်နှစ်နှစ်ပြည့်စည်းအဝေးကိုတော့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့CNO/ CNDF ၊ CDF – Mindat ၊ MRO / CDF – Matupi ၊ MTC / MDF ၊ CDF – Kanpetlet နဲ့ ZFU / PDF – Zoland ၆ ဖွဲ့အပြင်၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌဦးအောင်ကြည်ညွန့် ၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးတိုးကျော်လှိုင်၊ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်ကြားကာလဝန်ကြီးချုပ် ဦးစိုးဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



