စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဘုတလင်မှာ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ မြို့ပေါ်နဲ့ ကျေးရွာ ၂၀ ထွက်ပြေးနေရ၊

စစ်ဘေးဒုက္ခသည်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်၊

စစ်ဘေးဒုက္ခသည်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်၊

သုထက်/MFP၊ ဇန်နဝါရီ – ၁

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲက စစ်အုပ်စုက ဆက်လက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဖမ်းဆီးနေသလို ဘုတလင်မြို့ပေါ် ရပ်ကွက်တွေကိုပါ လေကြောင်းကနေ ဗုံးပတ်ကြဲနေလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့ပေါ် ရပ်ကွက်တွေနဲ့ ဘုတလင်နယ် ကျေးရွာ ၂၀ လောက်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့  ကိုယ်တိုင်စစ်ဘေးရှောင်နေရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မြေပြင်ရော ဝေဟင်ပါ မတရားလုပ်နေတာ”လို့ ဘုတလင်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လေကြောင်းကနေလည်း ဗုံးပတ်ကြဲနေကြောင်း အထက်ပါ စစ်ရှောင်ပြည်သူက ပြောပါတယ်။

မုံရွာနဲ့ ဘုတလင်မြို့ကြားရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၆ရက်က စလို့ ဘုတလင်နယ် ဇီးတောရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၂၈ရက်က ဘုတလင်မြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် အဲ့ဒီ ဇီးတောရွာထဲက စစ်အုပ်စု အပါအဝင် ဘုတလင်မြို့ပေါ်က စစ်အုပ်စုပါ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဖမ်းဆီးတာတွေ ကျူးလွန်နေသလို ကျေးရွာတွေကိုသာမက မြို့ပေါ်ရပ်ကွက်တွေကိုပါ လေကြောင်း ဗုံးကြဲနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စု အင်အား ၅၀၀ ကျော် ရှိနိုင်ပြီး လူသတ်တာ၊ လုယက်တာ၊ ဖမ်းဆီးတာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ရက်က စလို့ ဘုတလင်နယ်ထဲ တိုက်လေယာဉ်၊ ဂျိုင်အိုကော်ပရာတွေနဲ့ ဗုံးကြဲနေပြီး ဒီကနေ့အထိ ဘုတလင်မြို့ပေါ်နဲ့ ကျေးရွာတွေကို ဗုံးကြဲနေဆဲ ဖြစ်သလို နမခကနေလည်း လက်နက်ကြီးထုတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို အဓိက ပစ်မှတ်ထားကာ လိုက်လံ ဗုံးကြဲသတ်ဖြတ်လေ့ ရှိတာကြောင့် ကျေးရွာတချို့က စစ်ဘေးရှောင်တွေကို လက်မခံဝံ့တော့ဘဲ ပြည်သူတွေအနေနဲ့ တောတောင်တွေထဲမှာသာ ဖြစ်သလို ခိုလှုံနေကြရတယ်လို့ ကိုယ်တိုင်စစ်ရှောင်နေရသူက ပြောပါတယ်။

“စစ်ရှောင်ရှိရင် လေကြောင်းပစ်ခံရမှာကြောက်လို့ အချို့ကျေးရွာတွေက စစ်ရှောင် လက်မခံကြတော့ နေရေးထိုင်ရေး ခက်ခဲတယ်”

ဘုတလင်နယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ငါးရက်ကြာ ရှိလာပြီး တောတောင်ထဲ ခိုလှုံနေရတာမို့ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ထွက်မပြေးနိုင်တဲ့ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသလို ဒီဇင်ဘာ ၃၀ရက်က ထနောင်းကုန်းရွာအနီး ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ ကံသစ်ရွာရှိ ပြည်သူအမျိုးသမီးကြီးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ဘုတလင် – မုံရွာနယ်အစပ် ထွက်မပြေးနိုင်တဲ့ ပြည်သူကို စခတွေက သတ်ဖြတ်တာတွေ ရှိတယ်လို့ သတင်း ရထားပါတယ်။ ထနောင်းကုန်းရွာမှာ ခရီးသွား အမျိုးသမီးတစ်ယောက်၊ ကံသစ်ရွာက မိန်းမကြီး တယောက်၊ နှစ်ယောက် အသတ်ခံထားရ။ ဓားစာခံ ဖမ်းဆီးထားမှုများလည်း ရှိ။ ထနောင်းကုန်းဘက်က တမြန်နေ့ (ဒီဇင်ဘာ ၂၉)က၊ ကံသစ်က မနေ့ ညနေကမှ ဖြစ်တာ”

လက်ရှိမှ စစ်အုပ်စု ရန်ကြောင့် ဘုတလင်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ဇီးတော၊ သားရိုးကုန်း၊ ပိုးကုန်း၊ ထနောင်းကုန်း၊ သက်ရှည်ကံ၊ အောင်ချမ်းသာ၊ လွဲတဲ၊ ထန်းတန်း၊ မြောက်တော၊ မြောက်ကျီ၊ မှန်တော၊ ညောင်ရိပ်သာ၊ ညောင်ပင်ကန်၊ သပြေပင်၊ ရှမ်းတဲ၊ ရွှေတောင်သမန်းတော၊ ရွာရှည်၊​ နေပူကုန်း၊ ကျီးပင်ချောင်၊ ကံသစ်၊ ရွှေချောင်းလည် စတဲ့ ကျေးရွာတွေက ပြည်သူ ၃၀,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဘုတလင်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လေကြောင်းဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button