စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

နှစ်သစ်ကူးည တရုတ်ကြေးနီစက်ရုံထဲက လက်နက်ကြီး ထုလို့ ပြည်သူ သားအဖ သုံးဦး ဒဏ်ရာရ၊

သုထက်/MFP၊ ဇန်နဝါရီ – ၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် ယန်စီကြေးနီစက်ရုံထဲကနေ မနေ့က ညဦးပိုင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တယ်ပင်ကန်ကျေးရွာထဲ ကျရောက် ပေါက်ကွဲကာ ပြည်သူ သားအဖသုံးဦး ဒဏ်ရာအပြင်းအထန် ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ ၃၁ရက် ည ၈နာရီခွဲ ဝန်းကျင်မှာ တရုတ်ပိုင် ယန်စီ ကုမ္မဏီကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် တည့်တည့်ကျလို့ အိမ်ထဲမှာ ရှိနေတဲ့ အသက် ၇၀ ကျော်အရွယ် ဖခင်၊ အသက် ၂၀ ကျော်အရွယ် သားနဲ့သမီးတို့ မိသားစု သုံးဦး ဒဏ်ရာရတာလို့ ဆိုပါတယ်။

ဖခင်နဲ့ မီးဖြစ်သူဟာ ဒဏ်ရာ သိပ်ပြီး မပြင်းထန်ပေမယ့် သားဖြစ်သူမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်ရာက ပြန်တာမှ တစ်ရက်ရှိသေး၊ လက်နက်ကြီးထုတော့ ထွက်ပြေးရသေးတယ်၊ ယန်စီက လက်နက်ကြီး ခဏခဏ ထုတယ်၊ ရွာထဲကို အခုမှကျတာ၊ အရင်ကထုတာတွေတော့ ရွာရဲ့ အနောက်မြောက်ဘက်တွေပဲ ကျတာ”

အဲ့ဒီ တရုတ်ပိုင်ယန်စီ ကြေးနီကုမ္မဏီကို ဂိတ်စောင့် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၆ရက်က စလို့ တယ်ပင်ကန်ကျေးရွာကို စီးနင်းကာ အထိုင်ချ တပ်စွဲလို့ ရွာခံပြည်သူတွေ ထွက်ပြေးနေရပြီး ဒီဇင်ဘာ ၃၀ ရက်မှာ စစ်အုပ်စုက ရွာထဲက ပြန်ထွက်သွားလို့ ပြည်သူတွေ အိမ်မှာပြန်နေချိန် အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

ယန်စီကုမ္မဏီဟာ စံပယ်တောင်နဲ့ ကြေးစင်တောင်တွေကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကမ္ပဏီဖြစ်ပြီး စက်ရုံနေရာဟာ ယင်မာပင်မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဆားလင်းကြီးမြို့နယ်ဘက်အခြမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၆ရက်ကစလို့ တရုတ်ပိုင် ဝမ်ပေါင်နဲ့ ယန်စီကုမ္မဏီတွေရဲ့ တောင်ဖြိုကာ ကြေးနီတူးတဲ့ လုပ်ငန်းတွေ ယာယီရပ်နားထားတယ်လို့ သတင်းထွက်နေပေမယ့် ဝမ်ပေါင်ကုမ္မဏီသာ ရပ်နားပြီး ယန်စီကုမ္မဏီက လုပ်ငန်းမရပ်နားဘဲ ကြေးနီတူးဖော်ထုတ်လုပ်တာတွေ အချိန်ပြည့် လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲ တောင်တွေ ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီနဲ့ ဝမ်ပေါင်ကုမ္ပဏီ/Photo – ဝမ်ပေါင်ကုမ္ပဏီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button