ပခုက္ကူ ဆိပ်ဖြူမြို့မှာ စစ်ကားတန်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၆ ယောက် သေပြီး လက်နက် ရှစ်လက် ရ၊
တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာ ၃၀ရက်က စစ်ကားတန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၆ ယောက်ကို သုတ်သင်နိုင်ပြီး လက်နက် ရှစ်လက် သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ ပခုက္ကူခရိုင်စစ်ဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဆိပ်ဖြူမြို့က ထွက်လာတဲ့ ကား လေးစီးပါ စစ်ကားတန်းကို လာကြိုတဲ့ သံပြားကာကား တစ်စီနဲ့ အိမ်စီးကား တစ်စီးပေါ်ပါ စစ်အုပ်စုကို ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၄) ၊ (၁၁) ၊ (၁၉) တပ်ရင်းတွေ ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စု ၁၆ ယောက်ကို သုတ်သင်နိုင်ကာ သုံးယောက် ဒဏ်ရာရသွားပြီး 79 တစ်လက်၊ MA-1 လေးလက်၊ MA-3 သုံးလက်၊ စုစုပေါင်း လက်နက် ရှစ်လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပခုက္ကူခရိုင်စစ်ကြောင်းက တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ဒေသခံ တော်လှန်ရေးတပ်တွေ အနေနဲ့ ဆိပ်ဖြူမြို့ အပါအဝင် မကွေးတိုင်းထဲက မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဆိပ်ဖြူ၊ ဆင်ဖြူကျွန်းနဲ့ စလေမြို့ အပါအဝင် စလင်း၊ ပွင့်ဖြူနဲ့ ချောက်မြို့၊ စုစုပေါင်း မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ရေး ဒီဇင်ဘာ ၂၃ရက်က စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ မကွေးတိုင်းစစ်ဌာရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တို့အား ဝန်းရံပိတ်ဆို့ထားနိုင်ပြီ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က ဒီဇင်ဘာ ၂၈ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ဆိပ်ဖြူမြို့မှာ စစ်အုပ်စုကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – ပခုက္ကူခရိုင် စစ်ဌာန
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



