မကွေးသတင်းအညာမြေ တော်လှန်ရေး

နတ်မောက် – ပျော်ဘွယ် လမ်းမှာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စုကားကို ပစ်ခတ်ရာ အရာရှိအဆင့် အပါအဝင် နှစ်ယောက် သုတ်သင်နိုင်၊

စစ်အုပ်စု တစ်ယောက်က ပြည်သူကို သေနတ်ထောက်ပြီး ကားလုယက်ကာ မောင်းပြေးသွား၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂

မကွေးတိုင်း နတ်မောက်မြို့နဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့ကို ဆက်သွယ်ထားတဲ့ နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ ဒေသခံတော်လှန်ရေးတပ်တွေက လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေချိန် အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စု ကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့ရာ အရာရှိ အဆင့် အပါအဝင် နှစ်ယောက် သုတ်သင်နိုင်ပြီး ကားနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂ရက် ဒီကနေ့ မနက် ၇နာရီအချိန် နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ အစစ်အဆေး မခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စု သုံးယောက်ပါ ကားကို လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ နတ်မောက်ပကဖအနေနဲ့ နတ်မောက် – ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ လမ်းပိုင်း စစ်‌ဆေးရေးး ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ စစ်ဆေးရေးပြုလုပ်နေစဉ် စိုင်ကောင်းဘက်မှ မောင်းလာသော စခ သုံးဦး လိုက်ပါလာသည့် TOYOTA HILUX SURF စခကားဟာ ကျနော်တို့ စစ်ဆေးနေတဲ့လမ်းအတိုင်း ရွာမွန်ဘက်ကို မောင်းနှင်လာရာ ကျနော်တို့ ရဲဘော်များမှ ကားကို တားဆီးစစ်ဆေးရာ အစစ်မခံဘဲ မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ အဆိုပါ‌ စခကားကို ကျနော်တို့ ရဲဘော်များမှ လိုက်လံ ပစ်ခတ်ရာ စခနှစ်ကောင် (အရာရှိတစ်ဦး၊ အခြားအဆင့်တစ်ဦး)‌ သေဆုံးပြီး ကျန်တဲ့ စခ တစ်ဦးမှ ခရီးသွားပြည်သူတွေရဲ့ ကားကို‌ သေနတ်နဲ့ ထောက်ပြီး ရွာမွန်ဘက်ကို ထွက်ပြေးသွားပါတယ်” လို့ နတ်မောက် ပကဖ က ဖော်ပြပါတယ်။

ပျက်စီးသွားတဲ့ ကားတစ်စီးနဲ့အတူ စစ်အုပ်စု နှစ်ယောက်၊ MA3 သေနတ်နှစ်လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့လည်း နတ်မောက် ပကဖ က ဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF အနေနဲ့  ရန်ကုန် – မန္တလေး လမ်းဟောင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က ဇန်နဝါရီ ၁ရက် မနေ့က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းအထိ PDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားကာ မြို့နယ်ပေါင်း ၄၁ မြို့နယ်ကို ဝိုင်းပတ် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဟာဗျူဟာလမ်းတွေနဲ့ နယ်စပ်မြို့တွေ စိုးမိုးမှု အနေနဲ့ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတို့ကို စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကာ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း စိုးမိုး ထိန်းချုပ်ထားတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နတ်မောက် – ပျော်ဘွယ်လမ်းမှာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စု ကို ပစ်ခတ် သုတ်သင်ပြီးနောက် သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – နတ်မောက် ပကဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button