မိုးကုတ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံး၊

PDF တွေကို ပုံဖျက်ဖို့ စစ်အုပ်စုက လုပ်တာလို့ဆို၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ လယ်ဦးရပ်ကွက်၊ ရတနာသီရိဘုန်းကြီးကျောင်းပေါ် ဇန်နဝါရီ ၄ရက် ဒီမနက်ပိုင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတစ်ပါးနဲ့ ကျောင်းအနီး လမ်းပေါ်မှာ ရှိနေတဲ့ ပြည်သူတွေထဲက အမျိုးသမီးတစ်ဦးတို့ သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ ဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စု အထိုင်ချတပ်စွဲနေရာယူခဲ့ပြီး လက်ရှိမှာ စစ်အုပ်စု မရှိတော့ချိန်မှ ပေါက်ကွဲမှုဖြစ်တာမို့ PDF တွေကို နာမည်ဖျက်နိုင်ရေး စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးလာကြဲတာ ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီနေ့မနက် ၈နာရီခန့်က လယ်ဦး ရတနာသီရိကျောင်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ပြောကြပေမယ့် အဆင့်မြင့်ဒရုန်းနဲ့ တိုက်ခိုက်ခြင်းခံရတာ ဖြစ်နိုင်တယ်လို့ အနီးအနားမှာ နေထိုင်သူများက ပြောပါတယ်။ လေယာဥ်လာသလိုမျိုး အသံကြားရပြီး၊ ကြဲပြီးတော့လည်း လေယာဥ်ပျံတက်သွားတဲ့ အသံမျိုးလို ကြားရတာလို့ ပြောကြပါတယ်။ ရပ်ကွက်ထဲမှာ နေထိုင်သူတွေ ပြောကြတာတော့ အဲ့ဒီဘုန်းကြီးကျောင်းမှာ စခတွေ မရှိတော့တာ သိနေကြပြီးသားမို့ တလရ အဖွဲ့တွေက လာကြဲတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ရတနာသီရိကျောင်းမှာ သွားအိပ် စောင့်ပေးတဲ့ အောင်တော်မူကျောင်းမှ ဦးဇင်းတစ်ပါးနဲ့ ကျောင်းအနီးမှာ လမ်းကြားထဲ ကလေးနဲ့ နေပူစာထွက်လှုံနေတဲ့ ဂေါ်ရခါးအမျိုးသမီးတစ်ဦး သေဆုံးရပါတယ်” လို့ မိုးကုတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက် အထက်တန်းကျောင်းအနီးရှိ ရတနာသီရိ ဘုန်းကြီးကျောင်းဆောင်ကို PDF တွေက ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်လို့ ဘုန်းတော်ကြီးတစ်ပါးနဲ့ ပြည်သူတစ်ဦး သေဆုံးတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတချို့ကို MFP က ဆက်သွယ်မေးမြန်းရာမှာ ပေါက်ကွဲသံ နှစ်ချက် ကြားရပြီး အသေးစိတ် မသိရသေးဘဲ ထိခိုက်သေဆုံးသူတွေကိုလည်း အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှ ကောက်ယူ သင်္ဂြိုဟ်နိုင်ခဲ့တာလို့ ပြောပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် တအာင်းတပ်မတော် – TNLA က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ မိုးကုတ်မြို့ကို စစ်အုပ်စုလက်ထဲ ပြန်လည် လက်လွှဲပေးအပ်ခဲ့ရပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့ကို စစ်အုပ်စုက ထိန်းချုပ်ထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ ပြန်ရရေး တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။



လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပျက်စီးတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ပျံလွန်တော်မူတဲ့ သံဃာ/Photo – CJ
MFP ရဲ့ သတင်းနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



