ဆားလင်းကြီးမှာ စစ်အုပ်စုက ဆေးရုံကို ဗုံးကြဲသတ်ပြီးနောက် ဆရာဝန်ရဲ့ နာရေးကိုပါ ထပ်မံ ဗုံးကြဲလို့ သုသာန် ပျက်စီး၊

သုထက်/MFP၊ ဇန်နဝါရီ – ၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာ တိုက်နယ်ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပရာ (Gyrocopter) နဲ့ ဗုံးကြဲ သတ်ဖြတ်တာကြောင့် ဆရာဝန် တစ်ဦး အပါအဝင် အရပ်သား ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး ဆရာဝန်ရဲ့ နာရေးကျင်းပနေချိန် စစ်အုပ်စုက ထပ်မံ ဗုံးလာကြဲတာကြောင့် သုသာန်ဇရပ်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က ဆားလင်းကြီးနယ်၊ မတောင့်တရွာ ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲ သတ်ဖြတ်ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၅ရက် မွန်းလွဲပိုင်းအချိန် ဆရာဝန်ရဲ့ နာရေးကျင်းပနေတဲ့ ကျေးရွာ သုသာန်ကိုပါ ဂျိုင်အိုကော်ပရာတွေနဲ့ ထပ်မံ လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“နမခကနေ တက်လာတဲ့ ဂျိုင်အို သုံးစီးနဲ့လာပြီး ၁၂၀ မမတွေ လာချသွားတာ။ …။ သုဿန်ဇရပ်တော့ ပျက်စီးသွားတယ်” လို နာရေးလိုက်ပါပို့ဆောင်ရင်း ဗုံးကြဲခံရသူတစ်ဦက MFP ကို ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ဂျိုင်အိုကော်ပရာတွေ တက်လာပြီဆိုတဲ့ သတင်းကြားရကာ နာရေးပို့သူတွေ အချိန်မီ တိမ်းရှောင်နိုင်လိုက်တာကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လွတ်လပ်ရေးနေ့ကလည်း တိုက်နယ်ဆေးရုံကို ဂျိုင်အိုကော်ပရာ သုံးစီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး သေဆုံးသူ ဆရာဝန်ဟာ ဒေသခံပြည်သူတွေကို ဆေးဝါး ကုသမှု ပေးနေတဲ့ CDM ဆရာဝန် ဖြစ်ကာ ဒေသတွင်း လူချစ်လူခင်ပေါများသူ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆေးရုံကို ချမယ် မထင်ဘူး။ ပေါက်နယ် သွားမယ်ထင်တာ။ နမခက လာတာက ဂျိုင်အို သုံးစီး၊ နှစ်စီးက ပေါက်နယ်သွားပြီး တစ်စီးက ဆေးရုံကို ချသွားတာ”
စစ်အုပ်စုဟာ နမခ ကနေ တက်လာတဲ့ ဂျိုင်အိုကော်ပရာ၊ ပါရာမော်တာတွေနဲ့ အဲ့ဒီ ဆေးရုံကို ဖြတ်ကာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့၊ရွာတွေကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတာလို့ ဆိုပါတယ်။
လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ရက် မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်း ဆားလင်းကြီးမြို့နယ်ကို ဖြတ်ကာ ဂျိုင်အိုကော်ပရာ သုံးစီးနဲ့ ပါရာမော်တာ ငါးစီးနဲ့ မကွေးတိုင်းက မြို့၊ရွာတွေကို ဗုံးကြဲခဲ့တယ်လို့ ဆားလင်းကြီးနယ်ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဆားလင်းကြီးနယ် အပါအဝင် နိုင်ငံတဝန်းရှိ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေနဲ့ အများပြည်သူ စုဝေးလေ့ရှိတဲ့ နေရာတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ကာ အရပ်သား ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။

ဆားလင်ကြီးမြို့နယ် တိုက်နယ်ဆေးရုံ ဗုံးကြဲခံရလို့ သေဆုံးတဲ့ ဆရာဝန်ရဲ့ နာရေးကို စစ်အုပ်စုက ထပ်မံ ဗုံးကြဲလို့ သုသာန်ဇရပ် ပျက်စီးစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



