ကာလဝိပတ္တိသင့်ကြသူများ (သို့မဟုတ်)
လေယာဉ်နဲ့ လိုက်လံဗုံးကြဲခံရလို့ ပြေးစရာမြေမရှိတော့တဲ့ စစ်ဘေးရှောင်ပြည်သူတွေ

လေယာဉ်နဲ့ လိုက်လံဗုံးကြဲခံရလို့ ပြေးစရာမြေမရှိတော့တဲ့ စစ်ဘေးရှောင်ပြည်သူတွေ
ထင်လင်း(MFP)၊ ရုပ်သံဆောင်းပါး
အညာဒေသ တောကြိုအုံကြား၊ ချောင်းကြိုချပ်ကြားမှာ ပလစ်စတစ်မိုးကာ မိုးပြီး နေထိုင်ကြရတဲ့ မိသားစုတစ်စု။ အဲ့ဒီ မိသားစု အားလုံးက ညှိုးလျော်ဖျော့တော့နေကြပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ အပြည့်။ အသက် ငါးနှစ်ကျော်အရွယ် ကလေးငယ်က သစ်သားချောင်းကို ချိုင်းထောက်အဖြစ် အသုံးပြုနေရပြီး လူငယ်တစ်ဦးကတော့ မျက်နှာမှာ ပတ်တီးအပြည့်၊ အဲ့ဒီ မိသားစုကို ဦးဆောင်နေတာက အသက်၆၀ကျော်အရွယ် ဒေါ်တင်ဝင်း။
ဘယ်လေယာဉ်ပဲ ဖြစ်ဖြစ်၊ လေယာဉ်သံကြားတိုင်း၊ လေယာဉ်သံလို့ ထင်ရတဲ့ စက်အင်ဂျင်သံကြားတိုင်း ကြောက်ရွံ့ထိတ်လန့်လို့ ရှောင်ပုန်းစရာနေရာ ရှာနေရတယ်လို့ ဒေါ်တင်ဝင်းက ပြောပါတယ်။
“အမေကြီးတို့ အခု လေယာဉ်သံကြားရင်ကို ကြောက်နေတာ၊ အခု ငါတို့ ဘယ်ဆီကို တိမ်းရမတုန်း၊ ဘယ်ဆီကို နေရမတုန်းလို့ ဆိုတဲ့ဟာကိုပဲ မိသားစု ကြောက်ကိုနေတာ၊ နောက်ထပ်ကိုလည်း ဆုံးရှုံးရမှာ ကြောက်တာ”
ဒေါ်တင်ဝင်းတို့ မိသားစုဟာ မန္တလေးတိုင်း မတ္တရာနယ် ဇာတိဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စုက မတ္တရာနယ် ကျေးရွာတွေကို လေကြောင်းဗုံးကြဲလို့ အသက်အန္တရာယ်က ကင်းလွတ်ရေး စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဒေါ်တင်ဝင်းတို့ မိသားစု စစ်ဘေးရှောင်ရင်း ယာယီနေထိုင်တဲ့ နေရာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် ဒေါ်တင်ဝင်းရဲ့ ခင်ပွန်းသည်၊ သားအကြီးနဲ့ အိမ်ထောင်သည် သမီးတို့၊ စုစုပေါင်း သုံးဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။
”အမေကြီးတို့ မိသားစုက သုံးယောက် သေသွားတာ၊ ကျန်တဲ့ဟာက ဒဏ်ရာတွေနဲ့ ကျန်ရစ်တာ၊ ဒဏ်ရာရတဲ့ သူက ငါးယောက် ကျန်ခဲ့တယ်၊ ကျန်တဲ့ ငါးယောက်က ဒဏ်ရာတွေနဲ့ပဲ၊ သူတို့ သားအဖ သုံးယောက်က သူ့မိန်းမ သေသွားတာ၊ အမေတို့ကကျ အမေ့အိမ်သားနဲ့ အမေ့သား တစ်ယောက် သေတာ၊ နှစ်ယောက်သေတာ၊ အမေ့သမီးပေါ့လေ၊ ဟိုဟာကတော့၊”
သူတို့ မိသားစုဟာ စစ်ဘေးရှောင်ရင်း စားဝတ်နေရေးအတွက် လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ ကြိုးစားနေချိန် စစ်အုပ်စုက အဲ့ဒီ လက်ဖက်ရည်ဆိုင်ကို ပစ်မှတ်ထား ဗုံးကြဲတာကြောင့် မိသားစုဝင်တွေ ဆုံးပါးခဲ့ရ တာလို့ ဒေါ်တင်ဝင်းက အသံခပ်တိုးတိုးနဲ့ ပြန်ပြောပြပါတယ်။
“အမေကြီးတို့ ရောက်တာ မကြာသေးဘူး၊ တစ်လကို မပြည့်သေးဘူး၊ ဆယ့်လေးငါးရက်လောက် နေတော့ ဖြစ်တာပဲ၊ ပြောမယ်ဆို စျေးလေးရောင်း ကိုယ့်ဝမ်းစာကိုယ် ရှာရင်းနဲ့ ရအောင်ကြံဆ ကြရတာပေါ့၊ အဲ့ကျ စျေးလေးရောင်း လက်ဘက်ရည်ဆိုင်လေးပေါ့၊ ကိုယ်တတ်တဲ့ ပညာလေးနဲ့ ရောင်းစားတာ၊ အဲ့ဒါ ၁၀ရက်တောင် မပြည့်သေးဘူး လက်ဘက်ရည်ဆိုင်ဖွင့်တာ၊ ရောက်ဆို ဒီဘက်ကို ရောက်တော့ သုံးရက်လောက် ထားပါတော့၊ သုံးရက်လောက်နေပြီး လက်ဘက်ရည်ဆိုင် ဖွင့်လိုက်တာ၊ အဲ့ဒါနဲ့ဆို ၁၀ရက်လောက်ပဲ ကြာတယ် ထားပါတော့၊ အမေကြီးတို့ အပေါ်ကို တည့်တည့်ကို ချလိုက်တာ”

လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ဆုံးပါးသွားတဲ့ ခင်ပွန်းသည်၊ သားနဲ့ သမီးတို့ ပြန်ပြီး အသက်ရှင်လာဖို့ ဆုမတောင်းရက်ပေမယ့် လေယာဉ်နဲ့ ဗုံးကြဲခံနေရတဲ့ အခြေအနေက လွတ်မြောက်ဖို့အတွက်တော့ အချိန်တိုင်း ဆုတောင်းနေမိတယ်လို့ ဒေါ်တင်ဝင်းက ညှိုးငယ်တဲ့ မျက်နှာနဲ့ ရင်ဖွင့်ပါတယ်။
“အမေကြီးတို့ အခု လေယာဉ်သံကြားရင်ကို ကြောက်နေတာ၊အခု ငါတို့ ဘယ်ကို တိမ်းရမတုန်း၊ ဘယ်ဆီကို နေရမတုန်းဆိုတဲ့ဟာကို မိသားစု ကြောက်ကိုနေတာ”
ဗုံးထိမှန် ဒဏ်ရာရသူတွေထဲက ခုနစ်နှစ်အရွယ် လူမမယ် မြေးလေးဟာ လမ်းပင် ကောင်းမွန်စွာ မလျှောက်နိုင်ဘဲ သစ်သားချောင်းကို ချိုင်းထောက်အဖြစ် ပြုလုပ်ကာ ချိုင်းထောက်အားကိုးနဲ့ သွားလာနေရပါတယ်။ ဒေါ်တင်ဝင်း ကိုယ်တိုင်လည်း နားတွေ အူကာ ကြည်ကြည်လင်လင် မကြားရတော့ဘူးလို့ ပြောပါတယ်။
“ခုဆို အဲ့ဒီဟာ (ဗုံးကြဲ) လုပ်ပြီးကတည်းက တော်တော့်ဟာဆို မကြားရဘူး၊ နားတွေသာ အူပြီးတော့ လေတွေကို ထွက်နေတာ၊ အဲ့လိုကြီး၊ ကြောက်လည်း ကြောက်ပါတယ်၊ မေကြီးတို့ ဒီလိုဟာမျိုး ဖြစ်မှာကို နောက်ထပ် ဖြစ်မှာလည်း ကြောက်တယ်၊ အဲ့ဒီ လွတ်တဲ့နေရာလေးကိုပဲ ဘယ်နေရာနေရမလဲ ဆိုတာလေးကိုပဲ ကိုယ့်အတွေးမှာ အဲ့ဒါပဲ ရှိနေတာ”
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက်မသေဘဲ ဒဏ်ရာရခဲ့သူတွေမှာလည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘဲ စစ်ဘေးရှောင်နေရတဲ့ နေရာမှာပဲ ခက်ခက်ခဲခဲ ကုသ နေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေရှိ စစ်စခန်းနဲ့ နယ်မြေ အများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်နှစ်ကျော်အကြာ ၂၀၂၅ မှာတော့ အာဏာသိမ်း စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ မန္တလေးတိုင်းထဲရှိ စစ်ရှုံးထားတဲ့ နယ်မြေတွေ ပြန်ရရေး တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။
စစ်အုပ်စုဟာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်ရာမှာ မြေပြင် စစ်ကြောင်း မရောက်မီ မြို့၊ရွာတွေကို ဗုံးကြဲတာကြောင့် အဲ့ဒီ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း နယ်က ရာချီတဲ့ ပြည်သူတွေ သေဆုံးပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး ခဲ့ကြရပါတယ်။
အဲ့ဒီ ဒေသခံပြည်သူ အများစုဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ မပြေးရဲဘဲ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်ထွက်ပြေးကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ရက်မှာ စစ်အုပ်စုက စဉ့်ကူးမြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးတဲ့ ပြည်သူတွေကို PDF လို့ တံဆိပ်ကပ်ကာ လိုက်လံဗုံးကြဲ သတ်ဖြတ်ခဲ့ပါတယ်။



ဒီဇင်ဘာ ၁၉ရက်ထုတ် စစ်အုပ်စုပိုင် သတင်းစာနဲ့ ရုပ်သံတွေမှာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ်၊ ဧရာဝတီ မြစ်ကူးဆိပ်တွေရှိ မြစ်ကူးနေတဲ့ ယာဉ်တွေ၊ လူတွေကို ဗုံးကြဲခဲ့တဲ့ မှတ်တမ်းတွေ ဖော်ပြခဲ့ပြီး PDF တွေမို့ လိုက်လံ ဗုံးကြဲခဲ့တာလို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ခဲ့ပါတယ်။

မြစ်ကူးလွတ်မြောက်သွားတဲ့ မန္တလေးတိုင်းက စစ်ဘေးရှောင်ပြည်သူတွေ စစ်တိုင်းတိုင်းထဲ လိုရာခရီး မသွားနိုင်အောင်လည်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက အဓိက လမ်းမကြီးဖြစ်တဲ့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ဒီဇင်ဘာ ၈ရက်က စတင်ကာ ခင်ဦးနဲ့ ကန့်ဘလူနယ်အစပ်ရှိ ကျီကျင်းရွာဂိတ်ကနေ ပိတ်ဆို့ခဲ့ပါတယ်။ အဲ့ဒီနောက် လမ်းဆုံလမ်းခွတွေ၊ ကားလမ်းဘေးနဲ့ တောကြိုအုံကြားမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ၊ ကျေးရွာစာသင်ကျောင်းနဲ့ ရွာနီးချုပ်စပ်မှာ နေထိုင်ကြသူတွေကို စစ်အုပ်စုက လိုက်လံ ဗုံးကြဲတာ ဖြစ်ပါတယ်။
စစ်အုပ်စုက ကားလမ်းတွေ ပိတ်ဆို့လိုက်တာကြောင့် မန္တလေးတိုင်းဘက်ကလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ စစ်ကိုင်းတိုင်းဘက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ဝက်လက်၊ ရွှေဘို၊ ခင်ဦးနယ်ထဲ ပိတ်မိခဲ့ပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ စစ်ဘေးရှောင်ပြည်သူတွေကို စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းသလိုမျိုး တိုက်လေယာဉ် သုံးလေးစင်းနဲ့ တပြိုင်တည်း ဗုံးကြဲတာမျိုးတွေအထိ ပြင်းပြင်းထန်ထန် လိုက်လံ ဗုံးကြဲ ခဲ့တယ်လို့ ရွှေဘိုခရိုင်ထဲက မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဝက်လက်ရယ်၊ ရွှေဘိုရယ်၊ ခင်ဦးရယ်၊ အများဆုံး အပစ်ခံရတာပေါ့၊ စစ်ရှောင်တွေကလည်း များတာလည်း ဝက်လက်၊ ခင်ဦး၊ ရွှေဘို အများဆုံးပေါ့၊ ဒီပဲယင်းကလည်း အဲ့လောက် မများဘူး၊ ဒီပဲယင်းလည်း ပစ်တာပဲ၊ အဓိကကတော့ အဲ့ဒီ မန္တလေးတိုင်းထဲက စစ်ရှောင်တွေ ရောက်ကတည်းက စပြီးတော့ အရပ်သားဆိုတာထက်ကို အဲ့ဒီ စစ်ရှောင်တွေကိုပေါ့၊ စစ်ရှောင်တွေကို အဓိက ထားပြီးတော့ လေကြောင်း တိုက်ခိုက်တယ်၊ (လေကြောင်းလက်နက်) အစုံပေါ့၊ ဖိုက်တာနဲ့ ကြဲတယ်၊ ဂျိုင်ရိုနဲ့ ကြဲတယ်၊ ပါရာမော်တာနဲ့ ကြဲတယ်၊ ပြီးတော့ကျတော့လည်း စစ်မြေပြင်တစ်ခုလုံး ချေမှုန်းသလိုကို သူက ချေမှုန်းတာဗျ၊ ပြောချင်တာက ဖိုက်တာ တက်လာပြီဆိုလည်း သုံးစီးပေါ့၊ အဲ့ဒီ သုံးစီးက တောက်လျှောက် ချတယ်၊ ပြီးရင် အကြီးချပြီးရင် အသေးနဲ့ ပစ်တယ်ပေါ့ဗျာ၊ အဲ့တော့ကျတော့ မသေမချင်းကို စစ်ရှောင်တွေကို အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာကို တွေ့ရတယ်ဗျ”

စစ်အုပ်စုဟာ ဒီဇင်ဘာလအတွင်း လမ်းဆုံလမ်းခွနဲ့ လမ်းဘေးနေရာတွေကို အဓိက ပစ်မှတ်ထားကာ ဗုံးကြဲခဲ့ပြီး ယခု ဇန်နဝါရီလအတွင်းမှာတော့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတာတွေကို ပိုမို ပစ်မှတ်ထား ဗုံးကြဲလာတယ်လို့ ဆိုပါတယ်။
ခင်ဦးနဲ့ ဝက်လက်နယ်ထဲ ခိုလှုံတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ဗုံးဒဏ်ကြောင့် အသေအပျောက်နဲ့ ထိခိုက်မှု အများဆုံး ဖြစ်ပါတယ်။
ဝက်လက်နယ်အရှေ့ခြမ်း မြစ်ရိုးတလျှောက် ကျေးရွာတွေကို ဒီဇင်ဘာလအတွင်း စစ်အုပ်စုက ၁၄ ကြိမ် ဗုံးကြဲခဲ့ရာ ခရီးသွား ရဟန်းသံဃာနဲ့ ကလေးသူငယ်တွေ အပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ခင်ဦးမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ရက်ကနေ ဇန်နဝါရီ ၅ရက်အထိ ရက် ၂၀ အတွင်း စစ်အုပ်စုက လမ်းဆုံလမ်းခွနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကို သုံးကြိမ် ဗုံးကြဲခဲ့ရာ ခရီးသွားတွေ အပါအဝင် အမျိုးသမီး၊ ကလေးသူငယ်နဲ့ လူကြီးလူငယ် အနည်းဆုံး ၁၄ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
ဗုံးထိမှန်လို့ စာသင်ကျောင်း၊ လူနေအိမ် စတဲ့ အဆောက်အအုံတွေ ပျက်စီးသလို ကုန်တင်ကား၊ ခရီးသွားကား စတဲ့ ကားအစီးရေ ဆယ်နဲ့ချီ ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံ ဗုံးကြဲတာဟာ ပြည်သူကို အကြောက်တရားသွင်းတာ ဖြစ်သလို မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်ထဲ အတုအယောင် ရွေးကောက်ပွဲ လုပ်မှာမို့ စစ်ဘေးရှောင်ပြည်သူတွေ တခြားဒေသမှာ မနေရဲဘဲ သူတို့ လက်အောက် ပြန်လည် ဝင်ရောက်လာအောင် လုပ်တာလည်း ဖြစ်မယ်လို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

ပြည်သူကို ပစ်မှတ်ထားဗုံးကြဲတဲ့ စစ်အုပ်စုရဲ့ လူမဆန်တဲ့ ကျူးလွန်မှုတွေ ရပ်တန့်ဖို့ ကမ္ဘာကြီးက အရေးမယူနိုင်တော့ဘူးလားလို့ အထက်ပါ မြို့နယ်အဆင့် ပကဖ အဖွဲ့ဝင်က မေးခွန်းထုတ်ပါတယ်။
“လူမဆန်မှုကတော့ အဆိုးဆုံးကတော့ ဘာသာရေး အဆောက်အဦးတွေရော၊ ပြီးတော့ ကလေးသူငယ်တွေရော ပေါ့ဗျာ၊ စစ်ရှောင်ဆိုတော့ ကလေးသူငယ် သက်ကြီးရွယ်အို အစုံပါတာ၊ အမျိုးသမီးတွေ ပါတယ်၊ အများဆုံးကတော့ အမျိုးသမီး၊ ကလေးသူငယ်၊ ပြီးတော့ကျတော့ သက်ကြီးရွယ်အိုတွေ၊ ဘာသာရေး အဆောင်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ စသဖြင့် ပစ်နေတာကတော့ လူ့အခွင့်အရေးကို အလွန့်အလွန် ချိုးဖောက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့လေ၊ ဒါကြီးကို ဘယ်လိုလူတွေကများ ပြောချင်တာကတော့ ကျနော် ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ဘယ်လို လူတွေကများ ဘာကြောင့် ဒီလိုလက်ခံနေမှန်း မသိပါဘူး၊ ကမ္ဘာက ပြောတာပါ၊ ကျနော်တို့ ဒီလောက်ကြီးထိ လူသားမဆန်စွာ အလုပ်ခံနေရတဲ့ အပေါ်မှာ ဘာ့ကြောင့် ထိရောက်အောင် ဘယ်နေရာများမှ လုပ်လို့ မရကြတာတုန်းပေါ့ဗျာ၊ ဒါလေးတွေ ကျနော် ပြည်သူတစ်ယောက်အနေနဲ့ ပြောချင်ပါတယ်ဗျ”
အသက်မသေဘဲ ဒဏ်ရာတွေနဲ့ ကျန်ရစ်တဲ့ ဒေါ်တင်ဝင်းကတော့ သူတို့ မိသားစု ကြုံခဲ့ရတဲ့ ဗုံးဒဏ်သင့်တဲ့ အဖြစ်ဆိုးကို ခေါင်းထဲကနေ ထုတ်လို့မရဘူးလို့ ညှိုးငယ်စွာနဲ့ ပြောပါတယ်။
“မေကြီးလည်း ကျန်တဲ့ သားလေးတွေနဲ့ အသက်ရှင်သန်နေရတာပေါ့၊ အဲ့ဒီလိုပဲ၊ ပြန်တွေးရင် အိပ်မပျော်ဘူး၊ အဲ့လိုတွေ၊ တခါတလေကျ ဪ ငါ အဟောင်းကို အသစ်မဖြစ်ချင်ဘူးဆို ကိုယ်တရားနဲ့ကိုယ် ဖြေနေရတာ၊ မရဘူး၊ အဲ့အတွေးကြီးက ဒီထဲမှာပဲ ပြန်ပြန်ရောက်နေတာ”
ဒေါ်တင်ဝင်းတို့ မိသားစုကတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်မက်ဘေးအန္တရာယ်တွေက ကင်းလွတ်တဲ့ နေရာလေးတစ်ခုမှာ ခိုလှုံခွင့် ရဖို့ မျှော်လင့်နေပါတယ်။

ဒေါ်တင်ဝင်းတို့ မိသားစု အပါအဝင် စစ်ကိုင်းတိုင်းထဲ ရောက်နေတဲ့ မန္တလေးဘက်က စစ်ဘေးရှောင်တွေနဲ့ မန္တလေး – စစ်ကိုင်းအစပ် မြစ်ကူးဆိပ်တွေကို စစ်အုက်စုက ဒီဇင်ဘာလအတွင်း လိုက်လံ ဗုံးကြဲခဲ့စဉ်/Photo – ထင်လင်း/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



