စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို လေကြောင်းအန္တရာယ်ကြားက မြေပြင်မှာ အောင်မြင်စွာ ကျင်းပ၊

သုထက်/MFP၊ မတ် – ၂၇

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ ဒုတိယအကြိမ် ညီလာခံကို မတ်လ ၂၁ နဲ့ ၂၂ရက်က စစ်ကိုင်းတိုင်း အတွင်း တစ်နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သပိတ်အင်အားစုက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြားက စစ်ကိုင်းတိုင်းအတွင်း တစ်နေရာမှာ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပြီး သပိတ်အင်အားစု ၂၉ ဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကိုင်းတိုင်းအတွင်းက သပိတ်အင်အားစု ၂၉ ဖွဲ့ တက်ရောက်နိုင်ခဲ့တယ်၊ ကျနော်တို့ အခုလို တွေ့ဆုံတာဟာ နိုင်ငံရေးအရွေ့ကို ဘယ်လို ဆက်တွန်းကြမလဲ ဆိုတာတွေ တိုင်ပင်ဖို့ရယ်၊ စစ်ကိုင်းတိုင်းသပိတ်ရဲ့ အာဏာဟာ အခုလို ညီလာခံမှာ တည်ဖို့ အန္တရယ်ကြားထဲက ပြုလုပ်ခဲ့တာ ဖြစ်တယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု အထွေထွေ လုပ်ငန်းကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုကောင်းကောင်းက MFP ကို ပြောပါတယ်။

နှစ်ရက်တာ ညီလာခံ ကျင်းပစဥ်အတွင်း အထွေထွေလုပ်ငန်းကော်မတီအသစ် ရွေးချယ်တာ၊ လုပ်ငန်းအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းတာတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး တိုင်းအတွင်း လူထုလှုပ်ရှားမှုနဲ့ ရှေ့လုပ်ငန်းစဥ်တွေလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ညီလာခံ ကျင်းပနေတုန်း လေကြောင်းအန္တရယ်တော့ အတော့်ကို ဂရုစိုက်ခဲ့ရတယ်။ မြေပြင် အခက်အခဲကြောင့် တိုင်းအတွင်းက အင်အားစုတွေ အားလုံး မတက်ရောက်နိုင်ခဲ့ဘူး” လို့  ကိုကောင်းကောင်းက ထပ်မံ ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ် ညီလာခံကို ၂၀၂၅ မတ်လအတွင်းက ကျင်းပခဲ့ပြီး အဲ့ဒီ ပထမအကြိမ် ညီလာခံ ကျင်းပချိန် စစ်ကိုင်းငလျင်ကြီး ကြုံတွေ့ခဲ့ရတာကြောင့် ညီလာခံနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို အကျယ်တဝင့် ထုတ်ပြန်ကြေညာတာ မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု အနေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေး လှုပ်ရှားမှုတွေကို ပြည်သူ ပူးပေါင်းကာ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပြီး ပြည်သူနဲ့ တသားတည်း ရပ်တည်မယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #သပိတ်အင်အားစု #ညီလာခံ

Related Articles

Back to top button