
ရေးသူ – ဝင်းသိန်း
ဒီမိုကရေစီစနစ်တစ်ခုမှာ ရွေးကောက်ပွဲဆိုတာ နိုင်ငံသားတွေရဲ့ ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရတဲ့ ပန်းတိုင်တစ်ခု ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် မြန်မာနိုင်ငံ အထူးသဖြင့် အညာဒေသမှာတော့ ရွေး ကောက်ပွဲဆိုတဲ့ စကားလုံးဟာ မျှော်လင့် ချက်ထက် သွေးစွန်းတဲ့ လမ်းတစ်ခုရဲ့ အစပြုခြင်းသာ ဖြစ်နေပါတယ်။
စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေးအတွက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ အသက်တွေကို မဲပုံးတွေနဲ့ လဲလှယ်နေရတဲ့ အခြေအနေကို ရောက်ရှိခဲ့တယ်။ အညာမြေရဲ့ လေထုထဲမှာ ယမ်းနံ့တွေနဲ့အတူ မဲစာရင်းကောက်ယူမှုတွေ၊ ခြိမ်းခြောက်မှုတွေက ရောယှက်နေပြီး ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်အတွက် မဟုတ်ဘဲ အာဏာရှင်ရဲ့ သက်တမ်းတိုးဖို့အတွက် “အသက်တွေ ခင်းပြီး လျှောက်နေရတဲ့ လမ်း” ပေါ်ကို အတင်းအဓမ္မ တွန်းပို့ခံခဲ့ရပါတယ်။
စစ်ကြောင်းထိုးမှုနှင့် ရွာမီးရှို့မှု
“နယ်မြေစိုးမိုးရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အညာဒေသရဲ့ ကျေးရွာတွေဟာ တစ်ရွာပြီးတစ်ရွာ မီးဟုန်းဟုန်း တောက်လောင်ခဲ့ရပါတယ်။ စစ်ကြောင်းတွေ ဝင်လာပြီဆိုတာနဲ့ ရွာသားတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တောထဲတောင်ထဲကို ထွက်ပြေးကြရပါတယ်။
သူတို့ နှစ်ရှည် လများ စုဆောင်းခဲ့ရတဲ့ အိုးအိမ်တွေ၊ လယ် ယာသုံး ပစ္စည်းတွေနဲ့ စပါးကျီတွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ ပြာပုံအတိ ဖြစ်သွားခဲ့ရပါတယ်။ ပိုပြီး ရင်နာစရာကောင်းတာကတော့ ကိုယ့်အိမ်ကိုယ် ပြာပုံဖြစ်အောင် လုပ်သွားတဲ့သူတွေကပဲ မဲစာရင်းအတွက် အတင်း အဓမ္မ လာရောက် စာရင်းကောက်ယူခဲ့ကြာတာဖြစ်ပါတယ်။ မီးလောင်ပြင်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ခြေရာတွေဟာ ရွေးကောက်ပွဲအတွက် လမ်းခင်းပေးနေရတဲ့ ပြည်သူတွေရဲ့ နာ ကျင်စရာ သက်သေတွေပဲ ဖြစ်ပါတယ်။
“ကျွန်မတို့ အိမ်လေး မီးလောင်နေတာကို တောထဲကနေ လှမ်းကြည့်ပြီး ငိုနေရတာ။ အိမ်ထဲမှာ စုထားတဲ့ စပါးတွေလည်း အကုန်ပါသွားပြီ။ အခုတော့ ဘာမှမရှိတော့ ပြာပုံပဲ ကျန်ခဲ့တယ်” လို့ နှောပင်ကျေးရွာကအမျိုး သမီးတစ်ဦးက မျက်ရည်စက်လက်နဲ့ ပြောပြပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ နှောပင်ကျေးရွာကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်နဲ့ အဆောက်အအုံပေါင်း ၁၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်။
အင်အား ၂၅၀ ခန့်ပါ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ညနေ ၆ နာရီဝန်းကျင်မှာဘဲ မီးရှို့ခဲ့တာဖြစ်ပြီး လူနေအိမ်တွေသာမက နွားတင်းကုတ်တွေ၊ စပါးကျီတွေနဲ့ ရာသီပေါ်သီးနှံတွေဖြစ်တဲ့ စပါး၊ ဆန်၊ ပဲ တို့အပြင် အိမ်တွင်းပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ မီးရှို့ဖျက် ဆီးမှုတွေကြောင့် အညာဒေသရှိ ပြည်သူတွေရဲ့ ဘဝတွေဟာ ပြာပုံအတိ ဖြစ်ခဲ့ရတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံ တစ်ဝန်မှာ လူနေအိမ်ပေါင်း ၃,၅၇၆ လုံး၊ ပညာရေးအဆောက် အအုံ ၁၀၂ လုံးနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmarရဲ့ မှတ်တမ်းကဆိုတယ်။ ။
Data For Myanmar အစီရင်ခံစာအရ စစ်ကိုင်းတိုင်းဟာ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ နေအိမ်မီးရှို့ခံရမှုရဲ့ ၆၇ ရာခိုင်နှုန်းကျော် (နေအိမ် ၇၆,၁၀၆ လုံး) ရှိနေပြီး ၊ မကွေးနဲ့ မန္တလေးတိုင်းတို့မှာလည်း ထောင်နဲ့ချီတဲ့ နေအိမ်တွေပြာကျခဲ့ရတယ်။
လေကြောင်းတိုက်ခိုက်မှု
အညာပြည်တွေအတွက် ကောင်းကင်ကြီးဟာ အေးချမ်းမှု ပေးတဲ့နေရာ မဟုတ်တော့ပါဘူး။ ဘာတိုက်ပွဲမှ မရှိတဲ့ အချိန်မှာတောင် ဂျက်ဖိုက်တာသံ ကြားလိုက်တာနဲ့ ကလေးငယ်တွေကအစ ဗုံးခိုကျင်းထဲကို ပြေးဝင်ကြရပါတယ်။
ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ နေအိမ်တွေပေါ်ကို ကြဲချလိုက်တဲ့ ဗုံးတွေကြောင့် အပြစ်မဲ့တဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နိုင်ငံရေးနဲ့ ဘာမှမသက် ဆိုင်ဘဲ အသက်ပေးခဲ့ကြရပါတယ်။ သူတို့ဟာ အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲ လမ်း ကြောင်း ချောမွေ့ဖို့အတွက် “လမ်းခင်းပေးသူ” တွေအဖြစ် အတင်းအဓမ္မ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ မိုးပေါ်က လာတဲ့ သေမင်းဟာ အညာမြေရဲ့ အနာဂတ်တွေကို တစ်စစီ ဖျက်ဆီးပစ်နေပါတယ်။
စစ်ကိုင်းတိုင်းတစ်ခုတည်းမှာဘဲ ဒီဇင်ဘာတစ်လလုံး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈၈ဦး သေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ တော်လှန်ရေး အားကောင်းရာ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ ပုလဲ၊ ခင်ဦး၊ဝက်လက်၊ ဒီပဲယင်း၊ ရွှေဘို၊ မုံရွာနဲ့ ကောလင်း အပါအဝင် မြို့ နယ် ၁၆ ခုထက်မနည်းကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက် အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေ၊ လူစည်ကားတဲ့ နေရာတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကိုသာ အဓိကထား လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက အတည်ပြုပြော ဆိုထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာဘဲ စစ်ကောင်စီတပ်က စစ်ကိုင်း၊ မကွေးနဲ့ မန္တ လေးတိုင်းအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်တွေကို လေကြောင်းကနေ အကြိမ်ရေ ၁၁၉ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာ ကြောင့် လူဦးရေ ၁၇၆ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) ကဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဇန်နဝါရီနှောင်းပိုင်းအထိ ရွေးကောက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရတယ်။
ရွေးကောက်ပွဲ အပြီးမှာလည်း စစ်ရှုံးမှုကို ဖုံးကွယ်ဖို့နဲ့ ပြည်သူတွေကို လက်စားချေဖို့အတွက် လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ရာ ၂၀၂၆ ဇန်နဝါရီလကုန်တွင် သေဆုံးသူပေါင်း ၅,၀၀၀ နီးပါးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၆၀၀ ကျော် ပါဝင်နေတာဟာ အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါ။
မဲစာရွက်ထက်က သွေးကွက်များ
စစ်ကြောင်းထိုးတဲ့ အခါတိုင်းမှာ အရပ်သားတွေကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေဟာ အညာဒေသမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပြန်လည် လွတ်မြောက်လာဖို့ထက် သတ်ဖြတ်ခံရဖို့ ရာခိုင်နှုန်း ပိုများနေပါတယ်။
အာဏာတည်မြဲရေးအတွက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရွက်တွေပေါ်မှာ ပြည်သူတွေရဲ့ သွေးကွက်တွေ စွန်းထင်နေခဲ့ပါတယ်။ လူသားချင်း စာနာမှု ကင်းမဲ့စွာနဲ့ ကိုယ့်ပြည်သူကို ပြန်သတ်ပြီးမှ ရယူမယ့် အာဏာဟာ ဘယ်လောက်တောင် ရွံရှာဖို့ ကောင်းသလဲဆိုတာ အညာမြေက သက် သေခံနေပါတယ်။
၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေးရှောင်ဦးရေဟာ ၃.၆ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၄ သန်းအထိ ရှိလာနိုင်တယ်လို့ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ အညာဒေသက ပြည်သူတွေဟာ အများစုဖြစ်ပါတယ်။ စစ်ကောင်စီဟာ တစ်ဖက်တွင် မဲပုံးတွေကို ပြင်ဆင်ကာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဟု ဟန်ပြပြောဆိုနေပေမဲ့ အခြားတစ်ဖက်တွင်မူ ထိုမဲပေးမည့် ပြည်သူတွေကိုပင် လေယာဉ်နဲ့ ဗုံးကြဲတာ၊ အရှင်လတ်လတ် မီးရှို့သတ် ဖြတ်တာတို့ကို ပြုလုပ်နေဆဲဖြစ်ပါတယ်။
အညာပြည်သူတို့၏ ခံနိုင်ရည်
ဒီလောက်အထိ ဆိုးဝါးတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပေမဲ့ အညာသားတွေရဲ့ စိတ်ဓာတ်ကတော့ ကျိုးပျက်မသွားပါဘူး။ အရာအားလုံး ဆုံးရှုံးသွားပေမဲ့ မတရားမှုကို အညံ့မခံတဲ့ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ဟာ အံ့ဩစရာ ကောင်းလှပါတယ်။ မီးလောင်ပြင်ကြားမှာပဲ ဖြစ်သလို တဲထိုးပြီး နေထိုင်ရင်း၊ ဖြစ်သလို ချက်ပြုတ် စားသောက်ရင်း တော်လှန်ရေးကို ဆက်လက် ထောက်ပံ့နေကြပါတယ်။
လေကြောင်းကနေ ဗုံးကြဲခံရပြီး နေအိမ်မီးလောင်ပြာကျခဲ့ရတဲ့ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာသား တစ်ဦးက ”အိမ်တွေ မီးလောင်သွားတာကတော့ ပြန်ဆောက်လို့ ရတယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကတော့ ဘယ်တော့မှ အလောင်ခံမှာ မဟုတ်ဘူး။ အားလုံး ဆုံးရှုံးသွားလည်း ရတယ်၊ မတရားမှုကိုတော့ အရှုံးမပေးနိုင်ဘူး”ဟု အားမာန်ပြည့်နေတဲ့ လေသံနဲ့ ပြော ဆိုပါတယ်။
အညာပြည်သူလူထုတို့ရဲ့ ခံနိုင်ရည်ဟာ အာဏာရှင်တွေရဲ့ လက်နက်တွေထက် ပိုပြီး ထက်မြက် နေပါတယ်။ “ငါတို့ အိမ်တွေ မီးလောင်သွားပေမဲ့ ငါတို့ စိတ်ဓာတ်တွေတော့ မလောင်ဘူး” ဆိုတဲ့ စကားဟာ အညာမြေရဲ့ ဆောင်ပုဒ်တစ်ခု ဖြစ်နေပါတယ်။
“အသက်တွေ ခင်းပြီးလျှောက်တဲ့လမ်း” ဆိုတာ သာမန်လမ်းတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ သမိုင်းမှာ ဘယ်လောက်တောင် သွေးစွန်းခဲ့တယ်၊ ပြည်သူတွေ ဘယ် လောက်တောင် ပေးဆပ်ခဲ့ရတယ်ဆိုတာကို နောင်လာနောက်သားတွေ သိရှိအောင် မှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။



