ထီးချိုင့်ကနေ ကသာနဲ့ အင်းတော်ဘက် ဦးတည်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရကာ ရှေ့ဆက်မတိုးနိုင်၊

ရွှေဥ/MFP၊ ဧပြီ – ၆
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်သိမ်းယူနိုင်ပြီးနောက် ကသာနဲ့ အင်းတော်မြို့ဘက် ဦးတည်ကာ စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ အာဏာသိမ်း စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စု ရှေ့ဆက်မတိုးနိုင်ဘဲ ထီးချိုင့်နယ်ထဲမှာပဲ ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကတဆင့် လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံစစ်သားအဖြစ် အသုံးချ ကာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ မတ်လအတွင်း တကောင်းမြို့နဲ့ ထီးချိုင့် မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်အုပ်စုဟာ မတ်လ ၃၀ရက်မှာ ထီးချိုင့်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် ကသာနဲ့ အင်းတော်မြို့ဘက်ကို နှစ်ဖွဲ့ခွဲကာ ဆက်လက် စစ်ကြောင်းထိုးဖို့ ကြိုးစားလာတာ ဖြစ်ပြီး တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်လို့ ထီးချိုင့်နယ် တည်တောကျေးရွာနဲ့ ဇီးကုန်းကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ကသာနဲ့ အင်းတော်မြို့ဘက်ကို စစ်အုပ်စုက ထီးချိုင့်မြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မြတောင်ရွာကနေ စစ်ကြောင်းတစ်ကြောင်း၊ ဧရာဝတီအနောက်ဘက်ကမ်း ထီးချိုင့်မြို့တဆင့် စစ်ကြောင်းတစ်ကြောင်းနဲ့ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ထီးချိုင့်နယ်ထဲမှာပဲ စစ်အုပ်စု ရှိနေသေးတယ်လို့ ဆိုပါတယ်။
“အင်းတော်ထိ မရောက်သေးဘူး။ စစ်ကြောင်းက နှစ်ကြောင်းထိုးတာပါ။ တောင်ကြားတွေမှာ တိုက်လို့ လမ်းမှာပဲ ရှိသေးတယ်။ ရှေ့မတိုးနိုင်သေးပါဘူး “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထီးချိုင့်မြို့ပေါ်ကနေ အင်းတော်မြို့ဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ စစ်အုပ်စုဟာ ထီးချိုင့်နယ် တည်တောရွာအနီး ရောက်ရှိပြီး တိုက်ပွဲဖြစ်ကာ ရှေ့ဆက်မတိုးနိုင်တာကြောင့် မြို့ထဲပြန်ဝင်လိုက်၊ ပြန်ထွက်လာလိုက် လုပ်နေတယ်လို့ Indaw Revolution (IR) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်တပ်က အင်းတော်မြို့နား ရောက်လာတာ မရှိသေးပါဘူး။ ထီးချိုင့်ထဲမှာပဲ ရှိပါတယ်။ ထီးချိုင့်ကို တည်တောထိ ထွက်လာတယ်။ ထွက်ပြီးတော့မှ သူတို့ ပြန်ဝင်သွားတယ်။ အင်းတော်မြို့နား ရောက်လာတာ မရှိပါဘူး“
အဲ့ဒီလို အင်းတော်နယ် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထီးချိုင့်နယ် ကြက်သွန်ခင်းကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာမြို့ပေါ် တိုက်ပွဲ ဖြစ်ပွားချိန် ထီးချိုင့်နယ် မြတောင်ကနေ ကသာဘက် စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေလည်း တိုက်ပွဲ ဖြစ်ပြီး စစ်အုပ်စုက လေကြောင်းနဲ့ ဧရာဝတီမြစ် ရေကြောင်းကတဆင့် စစ်လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်တာ ရှိတယ်လို့ ထီးချိုင့်နယ်ခံ တစ်ဦးက ပြောပါတယ်။
“ကသာတိုက်ပွဲဖြစ်တော့ ထီးချိုင့်က မောင်းကုန်းဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ကြတယ်။ ကသာနဲ့ ထီးချိုင့်က ဆိုင်ကယ်နဲ့ သွားရင် သုံးနာရီလောက် မောင်းရတာ၊ ထီးချိုင့်ဘက်ကို လေကြောင်းက ရိက္ခာတွေ ချတာ ရှိတယ်”
ဒါ့အပြင် စစ်အုပ်စုဟာ သပိတ်ကျင်းနဲ့ ထီးချိုင့်နယ်အစပ်ရှိ တရုတ်ပိုင် တကောင်းတောင် နီကယ်စက်ရုံ အနီးရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ကင်းလှည့်တာ၊ လူသတ်လုယက်၊ မီးရှို့တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီဖြစ်တဲ့ မန္တလေး -ထီးချိုင့် ကားလမ်းတလျှောက်ရှိ ကျေးရွာတွေ အပါအဝင် ထီးချိုင့်မြို့ရဲ့ အထက်ဘက် မြစ်ရိုးတလျှောက် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးကာ တောတောင်အတွင်း ခိုလှုံနေထိုင်ကြရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ထီးချိုင့်နယ် မောင်းကုန်းကျေးရွာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆီတွေက ပြတ်၊ လမ်းတွေက သွားလို့မရတော့ ဆေးတွေက ပြတ်နေတယ်။ တချို့လည်း ကချင်ဘက် ပြေးကြတယ်။ မန္တလေးဘက်က မလွယ်တော့။ အများစုကတော့ တောထဲမှာပဲ နေကြတယ်”
၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တကောင်းမြို့နဲ့ ထီးချိုင့်နယ် မြတောင်၊ မောင်းကုန်း စတဲ့ မြို့၊ရွာတွေကို စစ်အုပ်စုက ပြန်သိမ်းယူပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားဆဲ ဖြစ်တဲ့ အင်းတော်နယ်ဘက် ဆက်လက် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ထီးချိုင့်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ထီးချိုင့် #တရုတ်ပိုင်တကောင်းတောင်နီကယ်စက်ရုံ



