တောင်သာမြို့အနီး ဇရပ်ကြီးရွာကို စစ်အုပ်စု ဗုံးကြဲလို့ မိသားစုလိုက် သေဆုံး၊ အိမ်တွေ မီးလောင်၊

တောင်သာမှာ စစ်အုပ်စုက ကလေးငယ် အပါ ၁၁ ဦး သတ်ဖြတ်ကာ အိမ်ခြေ ၃၀၀ ကျော် မီးရှို့ ဖျက်ဆီး၊
ဝင်းသိန်း/MFP၊ ဧပြီ – ၂၁
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အနီးရှိ ဇရပ်ကြီးကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ အသက် ခုနှစ်နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် သုံးဦးစလုံး သေဆုံးကာ နေအိမ်တွေလည်း မီးလောင်ပြာကျတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၁၈ရက် ည ၈နာရီဝန်းကျင်မှာ တောင်သာမြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ ဇရပ်ကြီးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် တစ်မိသားစုလုံး သေဆုံးသွားတာလို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာက ရှမ်းတဲ (မိတ္ထီလာ)ကနေ တက်လာပြီး ဇရပ်ကြီးရွာကို ဗုံးနှစ်လုံးကြဲတာ။ စာသင်ကျောင်းရှေ့ လမ်းလေးပဲ ခြားတဲ့ နေရာမှာ ကျတာဗျ။ ဗုံးထိပြီး အသက် ၄၀ နဲ့ ၅၀ အရွယ် လင်မယား နှစ်ယောက်ရယ်၊ ခုနှစ်နှစ်အရွယ် သူတို့ သားလေးရယ် ပွဲချင်းပြီး ဆုံးသွားတယ်။ အိမ် ငါးလုံးလည်း မီးလောင်သွားတယ်” လို့ မြင်းခြံခရိုင် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဧပြီ ၄ရက်က စတင်ပြီး တောင်သာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲနေတာလို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမူ ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက ဧပြီ ၄ ရက်ကနေ ၁၁ ရက်အထိ ရွာတွေကို ပတ်မွှေတာ။ ပန်းပေါင်း၊ မဲတောနဲ့ သံဘိုရွာတွေက အိမ်ခြေ ၃၁၅ လုံးလောက် မီးရှို့ခံလိုက်ရတယ်။ ပန်းပေါင်းရွာမှာဆို လူနှစ်ယောက် မီးထဲ ပါသွားတယ်။ ဒရုန်းတွေ၊ လေထီးဗုံးတွေကြောင့် သေတဲ့သူတွေနဲ့ ပေါင်းရင် ဇရပ်ကြီးရွာ ဖြစ်စဉ် မတိုင်ခင်အထိ ရှစ်ဦး သေထားတာ။ နွား ခြောက်ကောင်လည်း သေတယ်”

စစ်အုပ်စုဟာ အဲ့ဒီ ဧပြီ ၄ရက်ကနေ ၁၁ရက်အတွင်း တောင်သာနယ်၊ တောင်သာ – ရုံးစည်ကြီး ကားလမ်းတလျှောက် ကျေးရွာတွေဖြစ်တဲ့ ပန်းပေါင်း၊ မဲတောနဲ့ ရွှေသံဘိုရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲတာ ဖြစ်ပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ အိမ်ခြေ ၆၀၀ ကျော် ရှိတဲ့ ပန်းပေါင်းရွာကို ဧပြီ ၅ရက်မှာ ဒရုန်းတွေ၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲပြီးနောက် ဧပြီ ၆ရက်နဲ့ ၇ရက်တွေမှာတော့ နှစ်ရက်ဆက် စီးနင်း မီးရှို့ခဲ့တာပါ။ ဗုံးကြဲခံရလို့ ပန်းပေါင်းရွာခံ အသက် ၆၀အရွယ် ဇနီးမောင်နှံနဲ့ အသက် ၃၀ ကျော်အရွယ် မီးဖွားကာနီး ကိုယ်ဝန်သည် အမျိုးသမီးတို့ စုစုပေါင်း သုံးဦး သေဆုံးကာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်။
စစ်အုပ်စုဟာ ဧပြီ ၅ ရက်နဲ့ ၇ ရက်တွေမှာလည်း တောင်သာ – ရုံးစည်ကြီး ကားလမ်းပေါ်ရှိ မဲတော (ခေါ်) ရွှေစမ်းချောင်းရွာကို ဒရုန်းတွေ၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲပြီး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူ အမျိုးသမီး နှစ်ဦး သေဆုံးသလို အိမ်ခြေ ရာချီ ပြာကျခဲ့ပါတယ်။

ဧပြီ ၄ရက်နောက်ပိုင်း တောင်သာနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့တာတွေအပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ခုနစ်နှစ်အရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ဒေသခံ ပြည်သူ ၁၁ ဦး သေဆုံးကာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပြာကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဇရပ်ကြီးရွာ အပါအဝင် ပန်းပေါင်း၊ မဲတော (ခ) ရွှေစမ်းချောင်း၊ အောင်သာ၊ အေးကျင်း၊ ချောင်းဝင်၊ သံဘို စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက တောင်သာမြို့နယ်ထဲ စစ်ကြောင်းထိုး၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ မတ်လကုန်အထိ လေးလတာအတွင်း တောင်သာနယ်ရှိ ကျေးရွာ ၁၃ ရွာက အိမ်ခြေ ၁၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

တောင်သာမြို့အနီး ဇရပ်ကြီးရွာကို စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်ရာ မီးလောင်နေတဲ့ နေအိမ်တွေကို ငြှိမ်းသတ်နေသူတစ်ဦး/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #တောင်သာ #မြင်းခြံ



