စစ်ကိုင်းသတင်း

တန့်ဆည် ကံထူးမရွာ စျေးတန်းနဲ့ အနီးဝန်းကျင် ရွာတွေကို စစ်အုပ်စု ၁၀ကြိမ်ကျော် ဗုံးပတ်ကြဲ၊

အရပ်သား ၁၅ ဦး ဒဏ်ရာရကာ သုံးဦး အသက်အန္တရာယ် စိုးရိမ်ရပြီး ထိခိုက်ပျက်စီးမူ များပြား၊

ရွှေဥ/MFP၊ ဧပြီ – ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမရွာ စျေးတန်း အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ အကြိမ်ကြိမ် ဗုံးပတ်ကြဲခဲ့ရာ ဒေသခံ အရပ်သားပြည်သူ ၁၅ဦးကျော် ထိခိုက်ဒဏ်ရာရသလို အိုးအိမ်အဆောက်အအုံတွေလည်း အများအပြား ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၂၁ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီကျော်ကနေ ၃နာရီအတွင်း ကံထူးမရွာ စျေးတန်းနဲ့ အနီးဝန်းကျင် နေရာ လေးခုကို စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ၁၀ကြိမ်ကျော် ဗုံးပတ်ကြဲတာ ဖြစ်ပါတယ်။

ကံထူးမရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲသတ်ဖြတ်တာ ဖြစ်ပြီး စျေးရောင်းစျေးဝယ်နေကြတဲ့ ပြည်သူတွေ အပါအဝင် ဒေသခံတွေ ထိခိုက် ဒဏ်ရာရတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“တိုက်ပွဲမရှိပါဘူးဗျ၊ အခုက ပြည်သူတွေ ဈေးရောင်းဈေးဝယ်နေတဲ့ နေရာပါပဲ”

ဗုံးထိမှန်လို့ ဒေသခံ အရပ်သား ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာ ရပြီး သုံးဦးက ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ် စိုးရိမ်ရကာ နေအိမ်တွေ၊ စျေးဆိုင်တွေ၊ ကားနဲ့ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးကာ တချို့ ‌မီးလောင်တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ပထမတစ်ကြိမ် ကြဲတာက ကံထူးမနဲ့ တောစပ်တွေကို ပစ်တာ၊ ကံထူးမမှာက ရှစ်ယောက်နဲ့ ကိုးယောက် ကြား ထိတယ်။ နောက်တစ်ကြိမ်ကတော့ အဲ့ဒီနားက ရွာကို ပစ်တာ၊ အားလုံးပေါင်းရင်တော့ ၁၅ ယောက်ကျော် ရှိပါတယ်”

စစ်အုပ်စုဟာ ဒီကနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန် ပထမအကြိမ်အဖြစ် ကံထူးမရွာ (အရှေ့ပိုင်း) စျေးတန်းကို တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးပတ်ကြဲခဲ့ပြီး မွန်းလွဲ ၃နာရီဝန်းကျင်မှာလည်း ကံထူးမရွာ အနီးဝန်းကျင် ကျေးရွာတွေကို တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပါတယ်။

ကံထူးမရွာကို စစ်အုပ်စုက မကြာခဏ ဗုံးကြဲသတ်ဖြတ်နေပြီး ဒီကနေ့ ဗုံးကြဲမှုဟာ ငါးကြိမ်မြောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်း ကံထူးမရွာကို စစ်အုပ်စုက ရက်ပိုင်းသာခြားပြီး သုံးကြိမ် ဗုံးကြဲခဲ့ရာ ဒေသခံ ပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

တိုက်နယ် ရဲစခန်း ရှိခဲ့တဲ့ ကံထူးမရွာကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ မတ်လအတွင်းမှာ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဗုံးပတ်ကြဲ၊ ရန်ပြု သတ်ဖြတ်နေလို့ ကံထူးမရွာနဲ့ တန့်ဆည်မြို့ပေါ် အပါအဝင် တန့်ဆည်နယ် ကျေးရွာတွေက ဒေသခံပြည်သူ နှစ်သောင်းကျော်ဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ မနေရဲဘဲ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ် ကံထူးမရွာ စျေးတန်းကို ဧပြီ ၂၁ရက် မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ အကြိမ်ကြိမ် ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမူတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #တန့်ဆည် #စစ်ကိုင်း #ကံထူးမ

Related Articles

Back to top button