ဆုံးရှုံးမှုများနေတဲ့ နွေဦးတော်လှန်ရေး ခရီးကြမ်းထဲမှာ ဇွဲမလျှော့ကြဖို့ NUG ယာယီသမ္မတ အားပေးတိုက်တွန်း

မှူးအိန်ဂျယ်လ်/MFP၊ မေ ၅
နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးစိန်ခေါ်ချက်တွေနဲ့ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတွေ ဆက်တိုက်ကြုံတွေ့နေပေမယ့် ဇွဲမလျှော့ဘဲ ဆက်လက်ကျော်ဖြတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အားပေးတိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဒီနေ့ မေ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
“ လက်ရှိ အချိန်မှာ၊ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အများ ရှိနေသလို၊ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ “
ဆက်လက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလက PDF ဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ထဲကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပြီး တော်လှန်ရေးခရီးကြမ်းတွေကို လူထုနဲ့အတူ အတူတကွ ဖြတ်သန်းလာခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီခရီးကြမ်းအတွင်း နိုင်ငံရေးလောကဓံရဲ့ အနိမ့်အမြင့်တွေကိုလည်း အတူတူ ကြုံတွေ့ကျော်ဖြတ်ခဲ့ရသလို လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မကြုံဖူးတဲ့ အောင်မြင်မှုအထွဋ်အထိပ်တွေကိုပါ ရရှိခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ခရီးဆုံးပန်းတိုင်ကိုတော့ မရောက်သေးကြောင်း သတိပြုရမယ်လို့ ဆိုပါတယ်။ လက်ရှိကာလမှာ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အများ ရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတွေကိုလည်း ခပ်စိပ်စိပ် ကြုံတွေ့နေရကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးဟာ အနိမ့်အမြင့်၊ အတက်အကျတွေရှိပြီး ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်ရတဲ့ အခြေအနေတွေ ကြုံနိုင်သလို နိုင်ငံရေးမိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေကို စီးနင်းကျော်ဖြတ်နေရတဲ့ ကာလဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိပကတိတွေကို လျစ်လျူရှုလို့ မရသလို ပြည်သူအားလုံး မျှော်လင့်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေမပြတ် ထိန်းထားဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယနေ့အချိန်အထိ လုံ့လထုတ် ကြိုးစားရုန်းကန်လာခဲ့တဲ့ တော်လှန်ရေးခြေလှမ်းတွေဟာ အလဟဿ မဖြစ်ခဲ့ဘူးဆိုတာကိုလည်း ရဲရဲဝံ့ဝံ့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် PDF တပ်သားတွေဟာ လက်ရှိကာလမှာ တော်လှန်ရေးရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်နေရုံသာမက တော်လှန်ရေးအလွန်ကာလမှာလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ပါဝင်ရမယ့် တာဝန်ရှိကြောင်း၊ စည်းကမ်းသေဝပ်မှုနဲ့ လူထုယုံကြည်မှုကို အခြေခံတဲ့ ပြည်သူ့တပ်မတော်အဖြစ် ဆက်လက်တည်ဆောက်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ PDF ရဲဘော်တွေကို လေးနက်စွာ အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သလို ဒဏ်ရာရရှိထားသူတွေ၊ ကျဆုံးသူတွေရဲ့ မိသားစုဝင်တွေကိုလည်း အချင်းချင်း ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။



