ဆောင်းပါးအညာမြေ တော်လှန်ရေး

အိမ်လွမ်းနေကြပြီဖြစ်တဲ့ အညာရောက် စစ်ဘေးဒုက္ခသည်တွေ

ရေးသူ – ထင်လင်း၊ MFP ဆောင်းပါး

စစ်ဘေးတိမ်းရှောင်ရတာ နှစ်ဝက်နီးပါးရှိပြီဖြစ်တဲ့ အညာရောက် ဒေါ်ဖြူဝင်းရဲ့ အိမ်လွမ်းနာက ပိုပို ရင့်လာပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင် အရွယ် ဒေါ်ဖြူဝင်းတို့ မိသားစု လေးဦးဟာ နွားမွေးမြူရေး လုပ်ငန်းနဲ့ အသက်မွေးခဲ့ကြသူတွေပါ။

စစ်အဏာမသိမ်းမီက ကိုယ့်အရပ် ကိုယ့်ဒေသမှာ စားဝတ်နေရေးအတွက် ဒီလုပ်ငန်းနဲ့ပဲ အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့တယ်လို့ ဒေါ်ဖြူဝင်းက ဆိုပါတယ်။

အခုအချိန်မှာတော့ စစ်တလင်းဖြစ်နေတဲ့ အညာမှာ ဒေါ်ဖြူဝင်းတို့လည်း အများနည်းတူ ပြေးလွှားနေရပါပြီ။

သူတို့မိသားစုဟာ စစ်ပွဲနဲ့ ဗုံးဆံတွေရဲ့ကြား၊ အာဏာသိမ်း စစ်အုပ်စုရဲ့ ရန်ပြုမူတွေကြားကနေ အသက်အန္တရာယ် ကင်းလွတ်ဖို့ အတွက် မြွေးမြူထားတဲ့ နွားတွေကို ရရာစျေးနဲ့  ရောင်းချပြီး မတ္တရာနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် ထွက်ပြေးလာရတာ ဖြစ်ပါတယ်။

အခုဆိုရင် စစ်ဘေးရှောင်ရတာ ငါးလကြာပြီမို့ စားဝတ်နေရေးပြဿနာနဲ့ ရေရှည်ရှင်သန်ဖို့က  အတော်လေး ခက်ခဲလာတယ်လို့ သူ့အဖြစ်ကို ပြန်ပြောင်း ပြောပြပါတယ်။

“ဘာမှ အဆင်မပြေဘူး၊ ဘာအလုပ်မှလည်း မရှိဘူး၊ ကိုယ့်ဘက်လည်း မဟုတ်တော့ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး၊ နေရထိုင်ရတာလည်း မိုးလေလာလို့ရှိရင် မလုံခြုံဘူးလေ၊ အုန်း အုန်းနဲ့ ဘယ်လိုလို့ နေလို့ရမှာတုန်း၊ မိုးကာတွေက အုန်း အုန်း နဲ့၊ နေမှုထိုင်မှုလည်း အဆင်မပြေဘူး”

ဒေါ်ဖြူဝင်းတို့ မိသားစုဟာ အညာဒေသရှိ ခေါင်းပါးတဲ့ နေရာလေးမှာ ဆယ်ပေပတ်လည်လောက် အမိုးခုံး မိုးကာတဲလေး ထိုးလို့ မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ခံကာ ကြောက်စိတ် ဝမ်းနည်းစိတ်တွေနဲ့ နေထိုင်နေကြရပါတယ်။

“ချောင်ကျတော့လည်း (စစ်ဘေးရှောင်ကူညီလှူဒါန်းသူ) မလာကြဘူးပေါ့၊ မသိကြဘူး၊ ကျမတို့နားက ချောင်လည်း ကျတယ်၊ ကျောက်လမ်းနဲ့လည်း ဝေးတော့ မရောက်ဘူး၊ ပြောမယ်ဆိုလို့ရှိရင်၊ အဝေအတန်းတွေ ဘာတွေ ကုသိုလ်တွေလည်း မရောက်ဘူး၊ ထောက်ပံ့မှုလည်း နည်းတာပေါ့၊ နေရတာ ခုလို မိုးရာသီ၊ မိုးကျတော့လည်း မိုးလေးနည်းနည်း ရွာရင် တော်သေးတယ်၊ လေတွေ လာရင်ကို အဆင်က မပြေတော့။ အုန်း အုန်းနဲ့ ကြောက်အားလန့်အား နေရတာပေါ့၊ သစ်ပင်ကြို သစ်ပင်ကြား သစ်ပင်များ ပိလို့သေမလား၊ လေလာလို့ မိုးကာကြီးများ ပါသွားမလား၊ အဲ့လိုနေရတာ၊ ဟိုတနေ့ကဆို စောင် တွေကို ရွှဲနစ်လို့ လူတိုင်းပဲ၊ မိုးကာဆိုတော့ မလုံဘူးလေ၊ အဲ့လိုက ရှိသေးတယ်၊ အခက်အခဲကတော့ အဲ့လိုပဲ ရှိတယ်၊ စားဝတ်နေရေးကလည်း ကိုယ့်ဘက်လောက်ကတော့ အဆင်မပြေဘူးပေါ့၊ ဒါတောင်မှ ဆရာမ လာလာပြီး ပေးနေလို့မို့ စားနေရတာ”

စစ်ဘေးဒုက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြရင်း သူများပေးစာကမ်းစာကို မှီခို နေထိုင်ကြရတော့တဲ့ အခြေအနေမှာ ဝမ်းနည်းမျက်ရည် ကျရတယ်လို့ ပြောပါတယ်။

“ခံစားရတာတော့ ပြောမနေနဲ့၊ ဟိုတလောလေးက လာတော့ လာသေးတယ်၊ ဒီ အုပ်ကြီးက လုပ်ပေးတာတဲ့၊ တို့ ဒီဘက် ပကဖ လား ဘာလားလေ၊ အဖွဲ့တစ်ဖွဲ့ လာသေးတယ်၊ အဖွဲ့တစ်ဖွဲ့လာတော့ ဒီ တာဝန်ခံဆိုတာ ရှိတယ်လေ၊ သူက မေတ္တာပို့ရမယ်ဆိုတော့ မျက်ရည်တွေကို အကုန်ကျကြတာ”

၂၀၂၄ ကစလို့ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားတဲ့ မတ္တရာ မြို့နယ်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင် သိမ်းယူကာ ဒေသခံပြည်သူတွေကိုပါ ရန်ပြု လာတာကြောင့် ဒေါ်ဖြူဝင်းတို့ မိသားစု အပါအဝင် မတ္တရာနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ရပ်၊ရွာတွေမှာ မနေရဲဘဲ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

စစ်အုပ်စုက မတ္တရာနယ် အပါအဝင် မန္တလေးတိုင်းထဲက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး တန်ပြန်ထိုးစစ်ရာမှာ လေကြောင်းကို အဓိက အားပြုပြီး မြို့၊ရွာတွေကို နေ့ရောညပါ တရစပ် ဗုံးကြဲသလို နယ်မြေတွေ ပြန်လည် သိမ်းယူနိုင်ချိန်မှာလည်း ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ နေအိမ် မီးရှို့တာ၊ ပိုင်ဆိုင်မှု ချိတ်ပိတ်တာ စတဲ့ နည်းမျိုးစုံနဲ့ ရန်ပြုပါတယ်။

မတ္တရာနယ်ကနေ စစ်ဘေးရှောင်ထွက်ပြေးလာသူတွေဟာ တခြားရပ်ရွာက ဆွေမျိုးသားချင်းတွေဆီ သွားရောက် နေထိုင်သူတွေ ရှိသလို အများစုကတော့ စစ်ကိုင်းတိုင်းထဲရှိ နီးစပ်ရာ ကျေးရွာတွေအနီးရှိ တောတိုက်တွေ၊ ချောင်းရိုးတွေထဲ ပြေးရှောင်ပြီး ဖြစ်သလို နေထိုင်နေကြရတာပါ။

တောတောင်တွေထဲ ခိုလှုံနေထိုင်ကြရတဲ့ စစ်ဘေးရှောင်တွေမှာတော့ အလုပ်အကိုင်မရှိ၊ အလှူရှင် အရောက်‌အပေါက် အလွန်နည်းတာတွေကြောင့် စားဝတ်နေရေး အတော်လေး ခက်ခဲကြတယ်လို့ ဆိုပါတယ်။

“တခါတလေကျတော့လည်း အကူအညီ တောင်းချင်တာပေါ့၊ ကိုယ်က ကိုယ့်နယ် မဟုတ်တော့ ဘယ်သူ့သွား အကူအညီတောင်းလို့ တောင်းရမှန်း မသိဘူးလေ၊ အဲ့လို အခက်အခဲကတော့ ဖြစ်တာပေါ့”

ဒေါ်ဖြူဝင်းတို့လို ရေရှည်စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ အခုအချိန်မှာ အလှူရှင်ကိုပဲ အလုံးစုံ အားကိုး နေကြရပါတယ်။

အညာဒေသက ဆန်စပါးပေါတဲ့ အရပ်မို့ ဆန်အိတ် အလှူရှင်တွေကတော့ ပေါများပေမယ့် စားဆီ၊ ဟင်းချက်စရာ၊ မုန့်ပဲသွားရည်စာဖိုးက စလို့ ကျန်းမာရေးအသုံးစားရိတ်တွေ အတွက်ကတော့ ဝင်ငွေက နတ္ထိ ဖြစ်နေပါတယ်။

တောင်ထဲတောင်ထဲမှာ ခူးယူချက်ပြုတ်ဖို့ စားစရာ ဟင်းသီးဟင်းရွက်ကအစ မရှိတာမို့ ဒေါ်ဖြူဝင်းတို့လို စစ်ရှောင်ပြည်သူတွေဟာ နေ့စဉ် တစ်နပ်စာ နပ်မှန်ဖို့တောင် မလွယ်ကူကြတော့တဲ့ အခြေအနေပါ။

စက်သုံးဆီ တစ်လီတာကို တစ်သောင်းသုံးထောင်ကျပ်စျေး ဖြစ်နေတဲ့ အခုလို အချိန်မှာ အခြားအရပ် ဒေသတွေကို သွားပြီး အလုပ်လုပ်ဖို့ကလည်း ရတဲ့ လုပ်အားခနဲ့ ကုန်တဲ့ဆီဖိုးနဲ့ မကိုက်ဖြစ်နေတာမို့  စစ်ရှောင်တွေအတွက် မလွယ်ကူလှပါဘူး။

စစ်ရှောင်ရင်း စားဝတ်နေရေးအတွက်  ရရာအလုပ်လေးတွေ လိုက်လုပ်နေကြရပေမယ့် အားလုံးအတွက် လုံလောက်တဲ့  အလုပ်အကိုင် အခွင့်အလမ်းကလည်း ရှားပါးလွန်းလှတယ်လို့ ဒေါ်ဖြူဝင်းက အခုလို ရင်ဖွင့်ပါတယ်။

 “ရောက်ကာစကတော့ နှမ်းရိတ်ကလေး မှီတယ်၊ နှမ်းရိတ်ကလေး လိုက်ရတယ်၊ စပါးရိတ်ကလေးမှီလို့ စပါးရိတ်ကလေး လိုက်ရတယ်၊ ပဲစင်းငုံ ခုတ်လေးတို့၊  ပဲစင်းငုံပုတ်လေးတို့ ခနတော့ မှီလိုက်သေးတာပေါ့၊ အဲ့တုန်းကတော့ လိုက်စားလိုက်ကြတာပေါ့၊ ရှိတဲ့နောက် တမနက်ဆိုလို့ရှိရင် မနက်ကနေပြီးတော့ ဆယ်နာရီလောက်ဆို ပြန်လာရတာ၊ ငါးထောင် အဲ့ဒါလေးတော့ လုပ်စား ရဘူးတာပေါ့၊ ရောက်ကာစလေးတော့ အုန်းအုန်းနဲ့ လူများတော့ ခနလုပ်လိုက်ရတာလေ၊ တစ်ယောက်မှ ငါးရက်စီ ခြောက်ရက်စီ လိုက်ရတာ၊ မလိုက်တဲ့သူကဆို လိုက်တောင် မလိုက်ရဘူး၊ ခုဟာကတော့ ဘာလုပ်ငန်းမှ မရှိဘူး၊ မြင်တဲ့အတိုင်း ကွင်းပြင်ကြီး ဘာအလုပ်မှ မရှိဘူး၊ ဒီအတိုင်းနေရတာပေါ့”

မတ္တရာမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ သူတို့တိမ်းရှောင်နေရတဲ့နေရာမှာ သောက်သုံးရေ ရှားပါးတာကြောင့် အရေပြားရောဂါတွေ ခံစားနေကြရပြီး ဆေးကုသဖို့နေနေသာသာ ဆိုင်ကယ်ဆီဖိုးတောင်  မတတ်နိုင်ကြတာမို့ ယားနာသက်သာပျောက်ကင်းရေးအတွက် ထန်းနို့ခြောက်ကို ပြာချပြီး အုန်းဆီနဲ့ ရောလိမ်းနေကြရတာပါ။ 

ဒီလို အစစအရာရာ အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ စစ်ဘေးရှောင်တွေဟာ ရေရှည်တောင့်ခံနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

“တခါတလေကျလည်း တွေးတာပေါ့၊ ငါတို့ ရေရှည်ကြီး တောင့်ခံနိုင်ပါ့မလား၊ ပြန်တော့ ပြန်ချင်တာပေါ့၊ ဒါပေမယ့် ကိုယ့်နယ်မြေ ပြန်ချင်ပေမယ့်လည်း ဪ ပြန်တော့လည်း ဟုတ်ပါ့မလား၊ ကြောက်နေရသေးတာပေါ့နော၊ သူတို့ (စစ်အုပ်စု) စိတ်ထဲ သူတို့က ဘာလုပ်လို့ လုပ်မှန်း မသိဘူးလေ။ အဲ့လိုက ရှိသေးတယ်၊ စိတ်ဓာတ်ကျတဲ့လူကတော့ ကျတာပဲ ပြန်ချင်ကြတာ၊ တချို့ တောင့်မခံနိုင်တဲ့လူတွေ ပြန်တဲ့လူတွေ တပုံကြီး၊ ကိုယ်ကကျ ပြန်ဖို့မလွယ်တဲ့လူတွေ လောက်ပဲ ကျန်နေခဲ့တော့ ဒုက္ခ ဖြစ်တယ်လေ”

စစ်ဘေးရှောင်နေရာကနေ စစ်အုပ်စု ထိန်းချုပ်နယ်မြေတွေထဲ ပြန်လည်ဝင်ရောက် နေထိုင်သူတွေထဲက တချိုပတွေ ဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာ၊ ငွေညှစ်ခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ နေအိမ် ဖျက်ဆီးခံထားရတာတွေ ကြုံရပြီး ကိုယ့်ရပ်ကိုယ့်ရပ် ပြန်ဖို့ကလည်း မဝံ့မရဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုယ့်ရပ်ကိုယ်ရွာ ပြန်လည်နေထိုင်ဖို့ လမ်းစရိတ်ပင် မတတ်နိုင်ကြလို့ ရောက်ရာနေရာမှာပဲ ကြိတ်မှိတ်ပြီး ပေတေနေထိုင်ကြရတယ်လို့ ဒေါ်ဖြူဖြူဝင်းက ဆက်ပြောပါတယ်။

“ပြန်တော့ ပြန်ချင်ကြတာပေါ့၊ ဟိုကျတော့လည်း ပြန်လို့လည်း အဆင်ပြေကြပါ့မလား၊ ပြန်ဖို့ ဟိုဘက်မှာ ဘာမှ မဖြစ်ဘူးသာ ပြောကြတာ၊ ပြန်စရိတ်ကိုက ကြည့်လိုက်ဦး၊ လေးယောက် ပြန်မယ်ဆို ခုနစ်သောင်းရှစ်သောင်း၊ ကိုယ့် မန္တလေးတင်တဲ့၊ ဟိုဘက် မပါသေးဘူး၊ မိသားစုလေးယောက်လောက် ပြန်မယ်ဆို ခြောက်သိန်း ခုနစ်သိန်းလောက်မှ ရှိမှ ပြန်လို့ရတာလေ၊ အဲ့ဒီ ခြောက်သိန်း ခုနစ်သိန်းမှ မရှိတာ၊ ဘယ်လိုလို့ ပြန်လို့ရမှာတုန်း မိသားစုတွေ၊ အဲ့လိုကလည်း ရှိသေးတယ်၊ အခက်အခဲဆိုတာ အများကြီးရှိတယ်၊ ပေတေနေရတာပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ တခါတလေကျလည်း ပြန်ချင်စိတ်တွေ ပေါက်တာပေါ့၊ ငါတို့ ရေရှည်ဖြစ်ပါ့မလား ဆိုတာလည်း တွေးရတာပဲလေ၊ စားဝတ်နေရေးရော ဘာရော၊ မိသားစုများတဲ့ သူတွေဆိုရင် ပိုတောင် ဆိုးရှာကြဦးမှာ ကလေးတွေ ကလောင်းတွေ ရှိတယ်ဆို၊ တခါတလေကျလည်း ပြန်ချင်တာပေါ့၊ တောင့်ခံနေရတာ ဒီလိုပဲပေါ့၊ ဆင်းရဲနွံတာကို ခံပြီးတော့ ဘယ်သူကနေချင်မှာတုန်း၊ ခြင်ကိုက်မှတ်ကိုက်နဲ့နော့ မလွဲသာလို့ နေရတာပေါ့၊ မလွှဲသာလို့ရှိရင် အလကားနေပါ့မလား အဲ့လိုကလည်း ရှိသေးတယ်”

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်  (UNDP)ရဲ့  ၂၀၂၅ ဒီဇင်ဘာမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ အဆိုးဆုံး ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ၊ ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ သဘာဝ ဘေးအန္တရာယ်တွေနဲ့  စီးပွားရေးပြိုလဲမှုတွေကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံ နီးပါးရှိတဲ့  ၁၆ ဒသမ ၂ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက လူပေါင်း လေးသန်းကျော်ဟာ နေရပ်စွန့်ခွာခဲ့ရပြီး၊ အများစုကတော့ အကြိမ်ကြိမ် ရွှေ့ပြောင်းနေထိုင်နေရကာ လုံလောက်တဲ့ အမိုးအကာ၊ အစားအစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိဘဲ အလွန်အမင်း မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ နေထိုင်နေကြရတယ်လို့ ဖော်ပြပါတယ်။  

လတ်တလောမှာတော့ နေ့စဉ် ဝင်ငွေ တစ်ကျပ်ပင် မရှိတဲ့ ဒေါ်ဖြူဝင်းတို့လို အညာရောက် စစ်ဘေးဒုက္ခသည်တွေအတွက် အိမ်ပြန်နိုင်ဖို့ မျှော်လင့်ရင်းနဲ့သာ ဖြတ်သန်းနေကြရပါတော့တယ်။

အညာဒေသရောက် မတ္တရာနယ်က စစ်ဘေးဒုက္ခသည်တွေ/Photo – ထင်လင်း/MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မတ္တရာ #စစ်ဘေးဒုက္ခသည်

Related Articles

Back to top button