
MN/MFP ၊ မေ – ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီကနေ့ မေလ ၁၂ ရက်၊ ညနေ လေးနာရီ ဝန်းကျင်က ချောင်းဦးမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုက မြေပြင်တိုက်ပွဲမရှိဘဲ မြို့အနောက်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ငါးကြိမ် ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ရှမ်းထူးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ညနေ လေးနာရီလောက်မှာ ချောင်းဦးမြို့ပေါ်ကနေ လက်နက်ကြီး ၁၂၀ မမနဲ့ ငါးလုံးပစ်တာ။ ရွာထဲကို ပထမအလုံးကျတဲ့အချိန် အိမ်ပေါ်တည့်တည့်ကျပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် တစ်လုံးထပ်ကျတော့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ မြေပြင်မှာ စစ်ကြောင်းထိုးတာ တိုက်ပွဲဖြစ်တာ စစ်ရေးလှုပ်ရှားတာမရှိဘဲ ဒီအတိုင်းရမ်းပြီးတော့ ပစ်တာပါ”လို့ သူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရှမ်းထူးရွာက အသက် ၇၀ ကျော်အရွယ် အဖွားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကာ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်ကလည်း အခုလိုပဲ စစ်အုပ်စု လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ရှမ်းထူးရွာက အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာ၊ စက်တပ်လေထီး ပါရာမိုတာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းက ဗုံးကြဲတာ၊ စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေ မကြာခဏ ဖြစ်ပွားနေရတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
အခုနှစ်ထဲမှာ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စု လက်နက်ကြီးနဲ့ အကြောင်းမဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။



