
ဝင်းသိန်း/MFP၊ မေ – ၉
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာတွေ မကြာခဏ ကျူးလွန်နေပြီး မနေ့က ညနေပိုင်း မင်းယားစံပြကျေးရွာထဲ စစ်အုပ်စု ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ သက်ကြီးရွယ်အို ညီအမနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
မေလ ၈ ရက် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ ဖောင်းပြင်မြို့ အခြေစိုက် အာဏာသိမ်း စစ်အုပ်စုရဲ့ ဖြေမြန်တပ်ရင်း (ခမရ) ၃၆၇ ထဲနေ စစ်အုပ်စုက ကျေးရွာတွေဘက် ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ရာ မင်းယားစံပြကျေးရွာထဲ ကျရောက် ပေါက်ကွဲတာလို့ ဆိုပါတယ်။
လက်နက်ကြီး ထိမှန်တာကြောင့် မင်းယားစံပြကျေးရွာရှိ နေအိမ်တချို့ ပျက်စီးကာ တစ်အိမ်တည်း တူနေတဲ့ အသက် ၇၈ နှစ်အရွယ်နဲ့ အသက် ၇၅ နှစ်အရွယ် ညီအစ်မနှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖောင်းပြင်မြို့နယ် ဆက်သွယ်ရေးနဲ့ သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ကိုဆင်ပေါက်ကြီးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာလည်း မရှိဘူးဗျာ။ အကြောင်းမဲ့ သက်သက်ကို ၁၂၀ မမနဲ့ လှမ်းထုတာ။ အိမ်ထဲမှာတင် ထိုင်နေကြတဲ့ အသက် ၇၀ ကျော် အဖွားအို ညီအစ်မနှစ်ယောက်စလုံး ဆုံးသွားရတယ်။ ဒါဟာ ပြည်သူကို ပစ်မှတ်ထားပြီး လုပ်တဲ့ ရာဇဝတ်မှုပဲ”

ဒါ့အပြင် စစ်အုပ်စုဟာ မနေ့က မွန်းလွဲပိုင်း လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တဲ့ တချိန်တည်းမှာပဲ ဖောင်းပြင်နယ် နောင်ရင်းရွာဘက်ကို ဒရုန်းတွေနဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၆၀ မမ ခြောက်လုံးနဲ့ ၁၂၀ မမ တစ်လုံး၊ စုစုပေါင်း လက်နက်ကြီး ခုနစ်လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် နောင်ရင်းရွာက နေအိမ်အချို့ ထိမှန်ပျက်စီးပြီး ရွာခံပြည်သူ အမျိုးသား သုံးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
“စစ်ကောင်စီကတော့ သူတို့ မနိုင်တော့ရင် အရပ်သားတွေကိုပဲ အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်တာမျိုးတွေ ခပ်စိပ်စိပ် လုပ်လာနေတယ်။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းသတိ၊ လေကြောင်းအသိနဲ့ အမြဲဂရုစိုက် နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ကိုဆင်ပေါက်ကြီးက ပြောပါတယ်။

ဖောင်းပြင်မြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိပြီး ဖောင်းပြင်းနယ်ရှိ စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေက မကြာခဏ စီးနင်းတိုက်ခိုက်နေတာ ဖြစ်ပါတ.်။
ဖောင်းပြင်မှာ အခြေပြုတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း လက်နက်အားကိုးနဲ့ ကျေးရွာတွေကို စီးနင်းလုယက် ဖောက်ထွင်းခိုးယူတာ၊ စစ်စခန်းတွေထဲကနေ အနီးဝန်းကျင် မြို့၊ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။


ဖောင်းပြင်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီး ရမ်းကားပစ်ခတ်လို့ သေဆုံးသူတွေနဲ့ ပျက်စီးတဲ့ အိုးအိမ်တွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဖောင်းပြင် #မင်းယားရွာ



