
သူ့အပေါ် ကျော်ခွတယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးက ပျူတွေကို ဖမ်းဆီး၊
ဖိုးချို/MFP၊ မေ-၁၃
မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီးခေါင်းဆောင် ရပ်ကွက် အုပ်ချုပ်ရေးမှူနဲ့ နောက်လိုက်ပျူစောထီးတွေ အချင်းချင်း အဝေမတည့်ဖြစ်ကာ ပြဿနာ ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးမှူးက ပျူတွေကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ ၁၁ရက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ရှိ ရပ်ကွက် ပျူခေါင်းဆောင် အုပ်ကြီး အောင်သူက ရပ်ကွက်ထဲရှိ စစ်မှုထမ်းမဲစာရင်းအလှည့်ကျ လူငယ်တစ်ဦးကို လာခေါ်ချိန် နောက်လိုက် ပျူတွေက သူ့ထက် အရင်လက်ဦးမှုယူကာ ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့အတွက် မကျေမနပ်ဖြစ်ကာ ပြဿနာဖြစ်ပွားတာလို့ မန္တလေးမြို့ခံ မြေပြင်ကင်းထောက်အဖွဲ့ Voice Of Mandalay – VOMdy က ဖေါ်ပြပါတယ်။
ရပ်ကွက်အုပ်ကြီးအောင်သူက သူ့ပစ်မှတ်လူငယ်ကို လက်ဦးမှုယူကာ ပေါ်တာဆွဲသွားတဲ့ နောက်လိုက် ပျူတွေကို ပြန်လည် ဖမ်းဆီးခဲ့ကာ အချင်းချင်း အဝေမတည့်ဖြစ်ပြီး ပြဿနာဖြစ်နေတာလို့ VoMdy က ဆိုပါတယ်။
အဲ့ဒီ ရပ်ကွက်အုပ်ကြီး အောင်သူနဲ့ နောက်လိုက် ပျူတွေဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၂၂လမ်း၊ ချမ်းသာကြီးဘုရားအနီးရှိ အလည်ပေါင်တံတားကြီး ဝန်းကျင်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေကြသူတွေ ဖြစ်ပြီး အထက်ပါအတိုင်း လူငယ်တစ်ဦးကို ပေါ်တာဆွဲမှုမှာ အဝေမတည့်ဖြစ်ရာက အချင်းချင်း ပြန်ဖမ်းတာလို့ ဆိုပါတယ်။
“ချမ်းသာကြီးအနောက်ဘက်မှာ လူငယ်တွေ ခနခဏ ပေါ်တာဆွဲခံနေရတာ၊ စစ်မှုထမ်း လူမှောင်ခို ဈေးကွက် ကောင်းတာကိုး၊ စစ်မှုထမ်း အစားထိုး လူတစ်ယောက်ရဖို့ စစ်အုပ်စုဝင် အချင်းချင်း သိန်းရာကျော်ပေး အရောင်းအဝယ် လုပ်နေကြတာဆိုတော့၊ အုပ်ကြီးက သူ့အပေါ် ကျော်ခွသွားလို့ မကျေနပ်တာ” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာ ယခုရက်ပိုင်း စစ်အုပ်စုက ပေါ်တာအဆွဲကြမ်းနေပြီး ရပ်ကွက်အုပ်ကြီးနဲ့ ပျူတွေ အပါအဝင် ယူနီဖောင်းဝတ်တွေရော၊ ယူနီဖောင်း မဝတ်သူတွေကပါ လူငယ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးကာ ငွေညှစ်နေကြတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းရှိ လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ အသေခံစစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက ပေါ်တာဆွဲသူတွေကို အသေခံစစ်သားအဖြစ် အသုံးချနိုင်ဖို့ ရက်တို သင်တန်းပေးနေတာ ဖြစ်ပြီး စစ်သင်တန်း အပတ်စဉ်တစ်ခုကို လူအင်အား ငါးထောင်နှုန်း နဲ့ စုဆောင်း သင်တန်းပေးနေခဲ့ကာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိနေပြီမို့ ပေါ်တာဆွဲခံရသူ အနည်းဆုံး လူတစ်သိန်း ရှိပြီ ဖြစ်ပါတယ်။

မန္တလေးမြို့ ရပ်ကွက်ရုံးတစ်ရုံးမှာ တွေ့ရတဲ့ မင်းအောင်လှိုင် သစ္စာခံ အုပ်ကြီးနဲ့ ပျူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #စစ်ကိုင်း #ပေါ်တာဆွဲစစ်သားသစ်



