သတင်း

“…စစ်အာဏာရှင်မက ဘယ်သူပဲဖြစ်ဖြစ် ပိတ်ပင်တားဆီးပါစေ လူထုရဲ့မေတ္တာတရားကို မကျော်လွှားနိုင်ဘူး။…”

လူလေး/MFP၊ ဇွန် ၁၉

မြန်မာနိုင်ငံအနှံ့မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ သူတို့ရဲ့ထိန်းချုပ်နယ်မြေအသီးသီးမှာ ဒီကနေ့ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေနဲ့အတူ ဆုတောင်းစကားတွေ ပေးပို့ခဲ့ကြပါတယ်။

လှုပ်ရှားမှုတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်ခွဲတာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုအနေနဲ့ နှင်းဆီပန်းတွေအသုံးပြုပြီး လှုပ်ရှားမှုလုပ်တာ၊ ဆွမ်းကပ်တာ၊ အလှူအတန်းလုပ်တာ စသဖြင့် ပုံစံမျိုးစုံကိုလည်း တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစေဖို့ ဆုတောင်းစကားတွေ၊ ဖမ်းဆီးခံရမှုကနေ အမြန်ဆုံးပြန်လွတ်မြောက်ဖို့ မေတ္တာပို့သံတွေနဲ့အတူ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့ တောင်းဆိုသံတွေကိုလည်း အတူတကွတွေ့ရပါတယ်။

တဖက်မှာလည်း မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းအုပ်စုဟာ ဒီလို လှုပ်ရှားမှုတွေ မရှိအောင် ရတဲ့နည်းလမ်းနဲ့ တားဆီးပိတ်ပင်ဖို့ကြိုးစားနေပေမယ့် အောင်မြင်မှုမရတာလည်း တွေ့ရပါတယ်။

ဒီအပေါ် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက “အဓိကကတော့ မေတ္တာတရားပါပဲ။ ကျနော်တို့တွေ ရာထူးတွေရအောင်၊ အာဏာတွေရအောင်၊ ငွေကြေးစည်းစိမ်တွေရအောင် လုပ်ယူလို့ရပါတယ်။ လူတွေ အထင်ကြီးလေးစားအောင်လည်း လုပ်ယူလို့ရသလို လူတွေကြောက်ရွံ့အောင်လည်း လုပ်ယူလို့ပါတယ်။ ဘယ်တော့မှလုပ်ယူလို့မရတာက ရင်ထဲကလာတဲ့ မေတ္တာတရားပဲ။ လူထုရင်ထဲက မေတ္တာတရားတွေ လျှံကျလာတဲ့အခါ စစ်အာဏာရှင်တင်မက တခြားဘယ်သူပဲဖြစ်ဖြစ် ပိတ်ပင်တားဆီးနေပါစေ ဒီလူထုရဲ့ မေတ္တာတရားတွေကို မကျော်လွှားနိုင်ပါဘူး” လို့ MFP ကို မှတ်ချက်စကား ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်မတိုင်ခင်နေ့ရက်တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တွေဟာ “Operation Su” အမည်နဲ့ စစ်ဆင်ရေးကို နေရာဒေသအချို့မှာ ဆင်နွှဲခဲ့တာလည်း တွေ့ရပါတယ်။

ဒါပေမဲ့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရပြီး ဒီကနေ့အထိ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

နိုင်ငံအနှံ့မှာ ဒီကနေ့တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေ/ဓာတ်ပုံ – တော်လှန်ရေးတပ်အချို့

Related Articles

Back to top button