
ပေါ်တာဆွဲ စစ်သားသစ်တွေကို မိတ္ထီလာကနေ ရခိုင်နဲ့ ချင်းဘက် ပို့ကာ အသေခံ စစ်တိုက်ခိုင်း၊
အိမ်ပေါ်ထိတက်ဆွဲတာ မှန်တယ်လို့ စစ်အုပ်စု လွှတ်တော်မှာ ဝန်ခံပြီးနောက် ပေါ်တာ ပိုဆွဲလာ၊
Phoenix/MFP ၊ ဇူလိုင် – ၃၀
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက လူငယ်လူရွယ်တွေကို အိမ်ပေါ်အထိ တက်ကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေပြီး ရွာခံပြည်သူတွေ အနေနဲ့ ခွဲတမ်းကျအတိုင်း လစဉ် လူရှာပေးရ၊ လစဉ် ဆက်ကြေးငွေလည်း ပေးနေရတဲ့ကြားက ပေါ်တာပါ အဆွဲခံနေရတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၂၉ ရက် မနက်အစောပိုင်း ၄ နာရီလောက်မှာ စစ်အုပ်စုက ဝမ်းတွင်းမြို့နယ် ဂုဏ်ရွာကို စီးနင်း ပြီးနောက် ရွာခံ လူငယ် လေးဦးကို အိမ်တွေပေါ်အထိ တက်ကာ ပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Voice of Wundwin တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက စစ်မှုထမ်းဥပဒေ အကြောင်းပြကာ ပေါ်တာစဆွဲချိန်ကတည်းက ဝမ်းတွင်းနယ်မှာ မကြာခဏ ပေါ်တာဆွဲခံနေရပြီး စစ်အုပ်စုက လမ်းမှာတွေ့ရင် တွေ့သလို၊ ရွာထဲအထိပါ ပေါ်တာဆွဲတာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ကာ ပြီးခဲ့တဲ့ လပိုင်းကတော့ ရက် ၁၀၀ စီမံကိန်း ကာလ ပေါ်တာ မဆွဲတော့ဘဲ လေးလတစ်ကြိမ် ရွာတိုင်းကနေ လူရော ပိုက်ဆံပါ တောင်းတဲ့ စနစ် ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
“ရက် ၁၀၀ စီမံကိန်း စကတည်းက ပေါ်တာဆွဲတဲ့အသံ မကြားရတော့ဘဲ လေးလတစ်ကြိမ် ရွာတစ်ရွာကို လူငယ် တစ်ယောက်နှုန်း ပေးရတဲ့စနစ် စလုပ်တာ။ ဆက်ကြေးလည်း ပေးရတယ်၊ လူလည်း ပေးရတယ်” လို့ VOW တာဝန်ရှိသူက MFP ကို ပြောပါတယ်။

လစဉ် ခွဲတမ်းကျအတိုင်း လူရှာပေးရသလို စစ်အုပ်စုခန့် အုပ်ကြီး(အုပ်ချုပ်ရေးမှူး) တွေကနေ လစဉ် ကောက်နေတဲ့ ဆက်ကြေး (စစ်မှုထမ်းကြေး) ငွေကလည်း ရွာတစ်ရွာနဲ့တစ်ရွာ မတူဘဲ တစ်အိမ်ကို နည်းဆုံး ကျပ်တစ်သောင်းကနေ နှစ်သိန်းအထိ ပေးနေရတယ်လို့ ဆိုပါတယ်။
”ပိုက်ဆံ ပေးရတဲ့အပြင် လေးလတစ်ကြိမ်အတွက် လူလည်း ပေးရတာ။ ခု လေးလတစ်ကြိမ် အစီအစဉ်က ရက် ၁၀၀ စီမံကိန်းအတွင်းမှာ စတာဆိုတော့ တချို့ရွာတွေ လူပေးပြီးကုန်ပြီ၊ တချို့ရွာတွေကျ လေးလမပြည့်သေးလို့ အလှည့်မရောက်ကြသေးတာ” လို့ သူက ဆက်ပြောပါတယ်။
ဝမ်းတွင်းနယ်ဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုးထားတဲ့ မိတ္ထီလာခရိုင်ထဲ ပါဝင်ပြီး မိတ္ထီလာမြို့ ပေါ်နေ စစ်အုပ်စုနဲ့ ပျူတွေက လူလိုတိုင်း ဝမ်းတွင်းနယ်ထဲ ပေါ်တာလာဆွဲလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းကာ ရက်တိုစစ်သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ပေါ်တာဆွဲ၊ စုဆောင်းလို့ရသမျှ လူငယ်တွေကို စစ်မှုထမ်း သင်တန်းအဖြစ် ရက်တိုစစ်သင်တန်းပေးနေတာ ဖြစ်ပြီး စစ်သင်တန်းအပတ်စဉ် တစ်ခုကို အနည်းဆုံး လူ ၅၀၀၀ နှုန်း စုဆောင်းတာ ဖြစ်ပြီး လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၉ အတွက် လူစုနေတာ ဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းမှုအပေါ် စောင့်ကြည့်သူတွေက ပြောပါတယ်။
ဝမ်းတွင်း အပါအဝင် မိတ္ထီလာနယ်အတွင်းက ပေါ်တာဆွဲ စုဆောင်းလို့ ရသမျှ လူတွေကို မိတ္ထီလာမြို့ရှိ ခမရ ၁၁၃ ခေါ် အမှတ် ၁၁၃ ထဲ စုဆောင်းထားရှိပြီးနောက် ရှမ်းပြည် ဟိုပုံးမြို့ဘက် ပို့လွှတ်ကာ စစ်သင်တန်းပေးတာ ဖြစ်ပြီး သင်တန်းပြီးဆုံးချိန်မှာတော့ မိတ္ထီလာမြို့ကတဆင့် ရခိုင်နဲ့ ချင်းပြည်ဘက် ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။
ဇူလိုင် ၂၂ရက်က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စု လွှတ်တော်မှာ ပြည်ထဲရေး ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ယူ ထားသူ ဗိုလ်ချုပ်အဆင့် မင်းသူက နိုင်ငံတဝန်း စစ်သားသစ် စုဆောင်းရာမှာ အိမ်ပေါ်အထိ တက်ပြီး ဖမ်းဆီး စုဆောင်းတာတွေ ရှိခဲ့ကြောင်း ဝန်ခံပြောဆိုပြီးနောက် ရပ်ကွက်နဲ့ ကျေးရွာအဆင့်မှာ ပေါ်တာဆွဲ တာတွေ ပိုမို ဆိုးရွားလာတယ်လို့ ကိုယ်တိုင်ကြုံနေရသူ မန္တလေးနဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက ရပ်ကွက်အလိုက် ခွဲတမ်းချပြီး မဲနှိုက်ခိုင်းကာ စစ်သားသစ် စုဆောင်းသလို အခြေခံလူတန်းစားတွေကို အဓိက ပစ်မှတ်ထားပြီး မြို့စွန်ရပ်ကွက်တွေမှာ အိမ်ပေါ်အထိ တက်ပြီး ပေါ်တာဆွဲတာ၊ အလုပ်သွား၊ အလုပ်ပြန်ချိန်တွေနဲ့ ကားဂိတ်၊ရထားဂိတ်တွေမှာ ချောင်းမြောင်းပြီး ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုက စစ်သားသစ် စုဆောင်းရာမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုလည်း စစ်သားသစ် စုဆောင်းနေပြီး စစ်မှုထမ်း အမှတ်စဉ် (၁) ကနေ အမှတ်စဉ် (၂၄) အထိ စစ်မှုထမ်း ဆင့်ခေါ်ခဲ့သူတွေထဲက အသက်မပြည့်သေးတဲ့ ကလေး ၁၁၃ ဦးကို မိဘ၊ အုပ်ထိန်းသူထံ ပြန်လည် အပ်နှံခဲ့တယ်လို့ စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးအဆင့် ထွန်းအောင်က ဇူလိုင် ၂ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စစ်အုပ်စုက နိုင်ငံတဝန်း စစ်သားသစ် စုဆောင်းရာမှာ ငွေကြေးတတ်နိုင်သူတွေကို လူမခေါ်ဘဲ ငွေညှစ်ပြီး အခြေခံ လူတန်းစား ဆင်းရဲသားတွေကို အဓိက ပစ်မှတ်ထားကာ စစ်သားသစ် စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

ဝမ်းတွင်းမြို့နယ် အပါအဝင် မိတ္ထီလာနယ်ထဲ ပေါ်တာဆွဲ၊ ငွေညှစ်တာတွေ အဓိက လုပ်နေတဲ့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မိတ္ထီလာဝမ်းတွင်း #ပေါ်တာဆွဲစစ်သားသစ်စု



