
ရွှေဥ/MFP- ဇူလိုင်-၃၀
မြန်မာ-အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူးလမ်း (အာရှလမ်းမကြီး) တလျှောက်မှာ ဝိတုတ်ကျေးရွာလမ်းပိုင်းကလွဲပြီး လမ်းပိုင်းအများစုကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ (၈၃) မိုင်ခန့်ရှည်လျားတဲ့ ကလေး-တမူး (အာရှလမ်းမကြီး) ကို ပြီးခဲ့တဲ့ မေလကုန်က စတင်ကာ ကလေး၊ တမူးနဲ့ မော်လိုက်မြို့တို့ကနေ စစ်ကြောင်းတစ်ကြောင်းစီနဲ့ အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်လကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။
ဒီနှစ်လကျော်ကြာတိုက်ပွဲအတွင်းမှာ အရင်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နန်မွန်းတားရွာ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) စခန်း၊ ခါမ်းပါတ်မြို့၊ ရာဇဂြိုဟ်၊ ကံကြီး၊ ရန်မျိုးအောင် ၅၆ မိုင်၊ ခုံသာ၊ ကနန်၊ ကြံစက်ကုန်း၊ ထင်းဇင်၊ ကံမကြီး၊ စော်ဘွားရေရှင်၊ ဖက်ယားရေရှင် စတဲ့မြို့ရွာတွေတည်ရှိရာ လမ်းပိုင်းအများစုကို စစ်အုပ်စုဘက်က ပြန်လည်သိမ်းပိုက်သွားပြီဖြစ်ပြီး ဝိတုတ်ကျေးရွာလမ်းပိုင်းတစ်ခုသာ ကျန်တော့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကလေးမြို့က ထိုးတဲ့ စစ်ကြောင်းက ထင်းဇင်နဲ့ ဘုက္ကန်ကို သိမ်းတယ်။ လမ်းပိုင်းအများစုကတော့ လက်လွတ်လိုက်ရပြီ၊ တမူးက ထိုးတဲ့ စစ်ကြောင်းက ဝိတုတ်တစ်ခုသာ ကျန်တော့တာ။ တမူးစစ်ကြောင်းက မထိုးနိုင်တော့ ကလေးဘက်ကနေ ထိုးတာ။ ဝိတုတ်တစ်ခုပဲ ကျန်တော့တာ။”လို့ သူကဆိုပါတယ်။
ဇူလိုင်လ ၂၉ရက် မနေ့ကလည်း ကလေး-တမူးလမ်း ခမ်းပါတ်မြို့နယ်၊ ဘုတ်ကန်စံပြကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်အုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုနှစ်လကျော်တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်တွေက ကလေး-တမူးလမ်းတလျှောက် ကျေးရွာတချို့က အရပ်သားပြည်သူ ဒါဇင်ချီကို ဓားစာခံလုပ်ဖမ်းဆီးကာ စစ်ကြောင်းထိုးခဲ့ပြီး၊ လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် လက်လွှတ်လိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းထိုးစဉ်အတွင်းမှာ တမူးမြို့နယ်က အရပ်သားအမျိုးသား လေးဦးနဲ့ ကလေးမြို့နယ်က အရပ်သားခုနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး၊ ကျေးရွာလေးရွာက နေအိမ်အလုံး၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုတပ်တွေက ကလေး-တမူးလမ်းမကြီးတလျှောက်မှာရှိတဲ့ ကံကြီး၊ စော်ဘွားရေရှင်၊ ကြံစက်ကုန်း၊ ရာဇဂြိုဟ်၊ ခမ်းပတ်မြို့တွေမှာ အထိုင်ချ တပ်စွဲထားပြီး၊ စိုးမိုးနယ်မြေတွေမှာ Non-CDM ဝန်ထမ်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကိုခေါ် ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ခမ်းပတ်မြို့မှာက စစ်တပ်က ရုံးတွေလည်ပတ်ဖို့၊ ဘတ်ဖိုး(မြေတူးစက်)နဲ့ တူးနေတယ်။ အရင်က တပ်နေရာတွေမှာ ပြန်ပြင်နေတာရှိတယ်၊ ကြံစက်ကုန်းတို့ ကံကြီးတို့၊ စော်ဘွားရေရှင်ရွာတွေမှာတော့ ကျောင်းတွေပြန်ဖွင့်ဖို့ လုပ်နေတာ ရှိတယ်”လို့ သူကဆိုပါတယ်။



ဒီလိုကလေး-တမူးလမ်းတလျှောက် တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပြီးခဲ့တဲ့ ဇူလိုင် (၂၇) ရက်နေ့ကလည်း အိန္ဒိယသံအမတ်(Mr. Abhay Thakur)နဲ့ စစ်အုပ်စုခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးကိုလေးနဲ့ အဖွဲ့ဟာ ကလေးမြို့ သိမ့်ဟိုတယ်မှာ တွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ အိန္ဒိယရောက် မြန်မာစစ်ရှောင်တွေကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလကုန်၊ဇွန်လဆန်းက သူ့ရဲ့အိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းအပါအဝင်၊နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ကြိုးစားသွားမယ်လို့ ကတိကဝတ်တွေ ပေးခဲ့တာပါ။
အဲဒီနောက် စစ်အုပ်စုက ကလေး-တမူးလမ်းလမ်းကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ တရားဝင် စာထုတ်ပြန်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဗုံးကြဲတာတွေ အပြင်းအထန် လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို အိန္ဒိယနိုင်ငံက ဦးဆောင်ကာ အိန္ဒိယငွေ ရူပီးခန့်မှန်း ၁၂ ဘီလီယံ အကုန်အကျခံကာ ဖောက်လုပ်နေတာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ မိုရေး (Moreh) မြို့ကနေတစ်ဆင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နေရာတွေကို ဖြတ်ကာ (တမူး – ကလေး – ကလေးဝ – မင်းကင်း – ယာကြီး – ကနီ – မုံရွာ – မန္တလေး – မိတ္ထီလာ – နေပြည်တော် – ပဲခူး – မြဝတီ လမ်းမကြီး) အတိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက် (Mae Sot) မြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
ဇူလိုင်လ ၂၉ ရက်က ကလေး-တမူးလမ်းပေါ်က ဘုတ်ကန်စံပြကျေးရွာကို စစ်အုပ်စု ပြန်လည်သိမ်းပိုက်သွားစဉ်/ ဓာတ်ပုံ -စစ်အုပ်စု



