
ငါးရက်အတွင်း ပြည်သူ လေးဦး သေဆုံး၊ ဆယ်ချီ ဒဏ်ရာရပြီး နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီး၊
ဝင်းသိန်း/MFP၊ ဇူလိုင် – ၃၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာတွေ၊ နေအိမ်တွေနဲ့ စာသင်ကျောင်းတွေအပေါ် အာဏာသိမ်း စစ်အုပ်စုက ညပိုင်း လူအိပ်ချိန် တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲနေပြီး ဗုံးထိမှန်လို့ ငါးရက်အတွင်း ဒေသခံပြည်သူ လေးဦး သေဆုံးကာ ဒဏ်ရာရသူ ဆယ်နဲ့ချီ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ဇူလိုင် ၂၆ရက်၊ ၂၈နဲ့ ၃၀ရက်တွေမှာ စစ်ကိုင်းမြို့နယ် အနောက်ခြမ်း တလိုင်းကျွန်းရွာ စာသင်ကျောင်းနဲ့ နေအိမ်တွေ၊ ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာနဲ့ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း စမွန်းရွာ၊ ဝက်လက်နယ်အရှေ့ခြမ်း ငါးပတ်ချောင်းရွာ စတဲ့ နေရာတွေ ဗုံး ကြဲလို့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ လေးဦး သေဆုံးကာ ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိခဲ့ပါတယ်။
ဇူလိုင် ၃၀ရက် မနေ့က ည ၉ နာရီခွဲကျော်အချိန် မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းရွာအနီး၊ အမှတ် ၃ ခရိုင်ချင်းဆက် လမ်းတဝိုက် ဗုံးကြဲရာ အသက် ၇၀ ကျော် အဖိုးတစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညဘက်ကြီး ဗုံးလာကြဲတာဆိုတော့ ပြည်သူတွေမှာ အလစ်အငိုက် မိသွားတာပါ။ သက်ကြီးရွယ်အို ပိုဆိုးတာပေါ့၊ ပြေးချိန်လွှားချိန်တောင် မရလိုက်ဘဲ ဦးသန်းလွင် (၇၆နှစ်) ခေါင်းကို ထိသွားတာ” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

ဇူလိုင် ၂၈ ရက် မနက်ပိုင်းက မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာရွာနဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း စမွန်းရွာတွေထဲကို လေးကြိမ်ထက်မနည်း ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကန်ဘူတာရွာမှာ စစ်ရှောင်နေတဲ့ ရွှေပြည်ရွာသား အသက် ၆၀ အရွယ် အဖိုးနဲ့ စမွန်းရွာက အသက် ၄၀ အရွယ် အမျိုးသမီးတို့ နေရာမှာတင် သေဆုံးခဲ့ရပြီး နောက်ထပ် ပြည်သူသုံးဦးထက်မနည်းလည်း ဒဏ်ရာရကာ စမွန်းရွာထဲရှိ နေအိမ် အလုံး ၂၀ နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။
“စစ်တပ်က တိုက်ပွဲ မရှိတဲ့ ရွာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ပစ်ခတ်နေတာပါ။ အပြစ်မဲ့ ပြည်သူတွေ သေဆုံးရသလို အိမ်တွေပါ မီးလောင်ကုန်လို့ အားလုံး ဒုက္ခရောက်နေကြရတယ်” လို့ အထက်ပါဒေသခံက ဆက်လက် ပြောပြပါတယ်။

ဇူလိုင် ၂၆ ရက် ညသန်းခေါင် ၁၂ နာရီအချိန်ကလည်း စစ်ကိုင်းမြို့နယ်အနောက်ခြမ်း၊ တလိုင်းကျွန်းကျေးရွာ စာသင်ကျောင်းကို အဓိက ပစ်မှတ်ထားပြီး အနီးဝန်းကျင် နေအိမ်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ စာသင်ကျောင်းအတွင်းရှိ ကျောင်းဆောင် လေးလုံး ဗုံးထိမှန် ပျက်စီးသလို အနီးအနားရှိ ပြည်သူ့လူနေအိမ် သုံးလုံးလည်း ပျက်စီးကာ ကိုယ့်အိမ်မှာကိုယ် အိပ်ပျော်နေတဲ့ ရွာခံပြည်သူ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
“ကျေးရွာမှာက ပြည်သူတွေပဲ သီးသန့်နေကြတာပါ။ ဘာတိုက်ပွဲမှလည်း မရှိဘူး၊ တော်လှန်ရေးအဖွဲ့တွေ အထိုင်ချ ထားတာလည်း မရှိပါဘူး။ စစ်အုပ်စုက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲ သတ်ဖြတ်တာလို့ပဲ မြင်ပါတယ်” လို့ စစ်ကိုင်းနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်ကိုင်းနဲ့ ဝက်လက်နယ်ထဲ စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး တချို့ ရက်တွေမှာ လူသူထိခိုက်မှုမရှိ၊ အိုးအိမ်ပျက်စီးမှု မရှိပေမယ့် ဗုံးကြဲမှုတွေကတော့ နေ့စဉ် ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇွန်လအတွင်းကလည်း ဝက်လက်နယ်ရှိ စခန်းသာ၊ ညောင်ပင်ကြီးတောနဲ့ ဝက်လူးအိုင်ရွာတွေကို စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူ ငါးဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သလို မေလဆန်းပိုင်းကလည်း ဝက်လက်နယ် စခန်းသာရွာကို စစ်အုပ်စုက တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတာကြောင့် မိသားစုဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ စစ်ကိုင်းနဲ့ ဝက်လက်နယ်ထဲ နေ့စဉ် ဗုံးပတ်ကြဲနေသလို ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကစလို့ ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ်၊ ဧရာဝတီမြစ်ရိုး တလျှောက်ရှိ ကျေးရွာတွေကို လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် မြစ်ရိုးတလျှောက် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ထောင်ချီတဲ့ စစ်ဘေးရှောင်တွေဟာ ယနေ့အချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်ထဲ ခိုလှုံနေထိုင်နေကြရဆဲလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဝက်လက်နယ် ငါးပတ်ချောင်းကျေးရွာအနီးကို ဇူလိုင် ၃၀ရက် ညပိုင်းအချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဝက်လက် #ညသန်းခေါင်ရွာပေါ်ဗုံးကြဲ



