
ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ၊ မောက်မာရိုင်းစိုင်းတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆို၊
MN/MFP ၊ ဇူလိုင် – ၃၁
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အဝင် မန်ကျည်းရိုး စစ်အုပ်စု ငွေညှစ်ဂိတ်ကို တော်လှန်ရေး တပ်တွေ ပူးပေါင်းပြီး စီးနင်းဝင်းရောက် တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ပြီး သေနတ် နှစ်လက် သိမ်းဆည်း ရရှိတယ်လို့ မြင်းခြံခရိုင် အမှတ် – ၃ တပ်ရင်း တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ဇူလိုင် ၂၈ ရက် မနက် ၅ နာရီ ဝန်းကျင်မှာ တောင်သာမြို့နယ်ရှိ စစ်အုပ်စု အထိုင်စခန်းနဲ့ ငွေညှစ်ငွေတွေ ဖြစ်တဲ့ မြို့ပေါ်က ဘိုးဘွားရိပ်သာဂိတ်၊ မြို့အရှေ့ဘက် မန်ကျည်းရိုးဂိတ်၊ ပိဿနိုးဂိတ်နဲ့ ဇဂျမ်းရွာ ဂိတ်တွေကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မန်ကျည်းရိုးဂိတ်ကို သိမ်းပိုက်နိုင်ကာ လက်နက်တွေ ရရှိတာလို့ ဆိုပါတယ်။
“၂၈ ရက်နေ့က မနက် ၅နာရီလောက်မှာ နေရာလေးနေရာက ဂိတ်စခန်းလေးခုကို တပြိုင်နက်တည်း ဝင်တိုက်ခဲ့တာ။ အဓိက တိုက်တာကတော့ တောင်သာမြို့ အရှေ့ထိပ်က မန်ကျည်းရိုးဂိတ်ကို တိုက်တာပါ။ ဘာကြောင့် တိုက်ရတာလဲဆိုတော့ အဲဒီ မန်ကျည်းရိုး ဂိတ်စခန်းက (စခ)ဂိတ်မှူး မြင့်တင် ဆိုတဲ့ အကောင်က ပြည်သူလူထုအပေါ်မှာ ဖိနှိပ်ပြီးတော့ မိုက်မိုက်ရိုင်းရိုင်းနဲ့ မောက်မာစွာနဲ့ ဆက်ဆံတယ်။ နောက်ပြီးတော့ ငွေတောင်း အလွန်ကြမ်းတယ်။ အဲဒီ မန်ကျည်းရိုး ဂိတ်စခန်းကတော့ သိမ်းနိုင်ခဲ့ပါတယ်” လို့ မြင်းခြံခရိုင် အမှတ် – ၃ တပ်ရင်း (တောင်သာတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
မန်ကျည်းရိုးဂိတ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ထွက်ပြေးတာကြောင့် အူဇီ အမျိုးအစား သေနတ် နှစ်လက် သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။
“(စစ်အုပ်စု) အသေအပျောက်ကတော့ မရှိနိုင်ဘူးလို့တော့ ထင်တယ်။ သူတို့ ခံပစ်သေးတယ်ဗျ။ ခံပစ်ပြီးတော့ ကျည်ကုန်တဲ့ သေနတ်တွေ ထားရစ်ခဲ့ပြီး ထွက်ပြေးသွားတယ်။ ဒါပေမဲ့ သူတို့ တပ်စွဲထားတဲ့ စာသင်ကျောင်းထဲမှာတော့ သွေးကွက်တွေ ကျန်ခဲ့တာတွေ့ရတယ်”လို့ မြင်းခြံခရိုင် အမှတ် – ၃ တပ်ရင်း (တောင်သာတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
မန်ကျည်းရိုးငွေညှစ်ဂိတ် အပါအဝင် တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တောင်သာမြို့ စစ်အုပ်စု ဂိတ်တွေမှာ စစ်အုပ်စုနဲ့အတူ ပျူစောထီးနဲ့ ရဲတွေလည်း ပူးပေါင်းထားပြီး ဂိတ်စခန်းတစ်ခုမှာ အင်အား ၁၅ ယောက် ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီ တောင်သာမြို့နယ်ထဲက စစ်အုပ်စု ငွေညှစ်ဂိတ်တွေ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် – ၃ တပ်ရင်း (တောင်သာတပ်ရင်း)နဲ့အတူ မြင်းခြံခရိုင် အမှတ်(၁၊ ၂၊ ၇၊ ၈) တပ်ရင်းတွေ၊ မြင်းခြံခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖနဲ့ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
စစ်အုပ်စုက တောင်သာမြို့ အဝင်အထွက် လမ်းပိုင်းတွေ အပါအဝင် မြို့နယ်အတွင်းရှိ လမ်းမတွေပေါ်မှာ ဂိတ်စခန်းတွေ ဖွင့်ထားပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ဖမ်းဆီး ပေါ်တာဆွဲတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

တောင်သာမြို့အဝင် စစ်အုပ်စု ငွေညှစ်ဂိတ် စခန်းသိမ်းတိုက်ပွဲက သိမ်းဆည်းရရှိတဲ့ လက်နက်/Photo – PDF တပ်ရင်း
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မြင်းခြံတောင်သာ #စစ်အုပ်စုငွေညှစ်ဂိတ်



