မန္တလေးသတင်း

မိတ္ထီလာ မလှိုင်မှာ စစ်အုပ်စုက ရွာပေါ်ဗုံးပတ်ကြဲလို့ ပြည်သူ အမျိုးသမီး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ၊

မလှိုင်နယ် စစ်အုပ်စုဂိတ် ဒရုန်း ထုခံရပြီးနောက် စစ်အုပ်စုက အနီးရှိ ရွာကို ရန်ပြုကာ အိမ်တွေ ရွှေ့ခိုင်း၊

လှိုင်း / MFP၊ သြဂုတ် – ၁

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဒဟတ်တန်း(တောင်)ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက စက်တပ်လေထီး (Paramotor) နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရွာခံပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး နောကထပ် ရွာခံ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၃၁ ရက် မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ မိထ္တီလာမြို့ အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းအတတ်သင် လေတပ်စခန်း (လမသ) ကနေ တက်လာတဲ့ စက်တပ်လေထီး နှစ်စီးထဲက ဒုတိယမြောက် တစ်စီးဟာ မလှိုင်မြို့နယ်၊ ဒဟတ်တန်း(တောင်)ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ ရွာပေါ် ဗုံးပတ်ကြဲခဲ့ရာ ဗုံးလေးလုံး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် လူထုသတင်းကွန်ရက် – မလှိုင်မြို့က ထုတ်ပြန်ပါတယ်။

ဗုံးထိမှန်လို့ ရွာခံပြည်သူ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် နှစ်ဦး ဒဏ်ရာရကာ နွားငါးကောင်လည်း သေဆုံးတယ်လို့ ဆိုပါတယ်။

“ပထမ စက်တပ်လေထီးကတော့ လမ်းမကြီး အနောက်ဖက် မလှိုင်နယ် တောင်ဖက် ယာခင်းတွေထဲလို့ သိရပါတယ်” လို့ လူထုသတင်းကွန်ရက် – မလှိုင်မြို့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိတ္ထီလာမြို့နဲ့ ထိစပ်နေတဲ့ မလှိုင်နယ်ထဲရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက မကြာခဏ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက်ကလည်း မလှိုင်မြို့နယ်၊ ဒဟတ်တန်း(တောင်)ကျေးရွာရဲ့ အနောက်ဘက် နှစ်မိုင်ခွဲ အကွာမှာ ရှိတဲ့ ဆည်တိုကျေးရွာအနီးကိုလည်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ မိထ္တီလာ ရှမ်းတဲ လေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး(Paramotor) နှစ်စီးနဲ့ ဗုံးခုနှစ်လုံး ကြဲချခဲ့ပါသေးတယ်။

တချိန်တည်းမှာပဲ ဇူလိုင် ၃၁ ရက် မနေ့က နေ့လယ်ပိုင်း မိထ္တီလာနဲ့ မလှိုင်မြို့နယ်အစပ်၊ မိထ္တီလာ – မလှိုင် လမ်းပိုင်းပေါ်မှာရှိတဲ့ မလှိုင်မြို့နယ်၊ သပြေပင်ကွေ့ကျေးရွာရှိ စစ်အုပ်စု ငွေညှစ်ဂိတ်ကို တော်လှန်ရေး တပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဂိတ်အစောင့် စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို ရန်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပြေပင်ကွေ့ကျေးရွာ စစ်အုပ်စုဂိတ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် ဂိတ်နဲ့တစ်မိုင်ခန့်အကွာ မိထ္တီလာ – မလှိုင် ကားလမ်းဘေး၊ မိထ္တီလာမြို့နယ်၊ ရေချိုကျေးရွာက ဒေသခံ ပြည်သူတွေကို စစ်အုပ်စုက နေရာရွှေ့ပြောင်း ဖယ်ရှားခိုင်းနေတယ်လို့ ဆိုပါတယ်။

“နေ့လယ်ပိုင်းလောက်က စစ်တပ်ထိုင်နေတဲ့ ဂိတ်ပေါ်ကို ဒရုန်းနဲ့ ဗုံးသီးအချခံရတာ။ သပြေပင်ကွေ့နဲ့ ရေချိုက မိထ္တီလာနဲ့ မလှိုင်နယ်အစပ်က ရွာတွေပါ။ ရေချိုရွာက ရွာကြီးပါ။ ညနေပိုင်းမှာ ကားလမ်း ဘေးက အိမ်တွေကို ဖယ်ခိုင်းတာ၊ ဒေသခံတွေလည်း ချက်ချင်း အိမ်တွေ လိုက်ငှားနေရတယ်။ အဲ့ဒီ့ ရွာတွေနားမှာ တိုက်ပွဲလည်း မရှိဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက နေရာရွှေ့ပြောင်း ဖယ်ရှားခိုင်းတဲ့ ရေချိုကျေးရွာဟာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒဟတ်တန်း(တောင်)ကျေးရွာနဲ့လည်း နှစ်မိုင်ခွဲအကွာမှာ တည်ရှိတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပြီး မိထ္တီလာ – မလှိုင် လမ်းပိုင်းပေါ်က အချက်အချာကျတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စတင်ပြီး စစ်အုပ်စု စီးနင်းအထိုင်ချ တပ်စွဲတဲ့ မလှိုင်နယ်၊ ပန်းအိုင်ကျေးရွာမှာလည်း စစ်အုပ်စုက ဒေသခံပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ အိမ်ထောင်စုဇယားတွေကို ဝင်ရောက် စစ်ဆေးတာ၊ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ရှိတယ်လို့ သတင်းထွက်နေပြီး MFP အနေနဲ့ အသေးစိတ် အတည်ပြုနိုင်ဖို့လို့ ဆက်လက် စုံစမ်းနေပါတယ်။

မလှိုင်မြို့နယ်ဟာ စစ်အုပ်စုရဲ့ တပ်မ ၉၉ တပ်ရင်း၊ မိထ္တီလာရှမ်းတဲလေတပ်၊ ရဲသင်တန်းကျောင်း၊ ကုတင် ၅၀၀ ဆံ့ စစ်ဆေးရုံ၊ အမှတ် ၆၀၀ သံချပ်ကာ တပ်ရင်း၊ တပ်မတော် သားရေစက်ရုံ၊ ချည်မျှင် စက်ရုံတွေ အပါအဝင် တပ်ရင်း၊ တပ်ခွဲပေါင်း ၄၀ ကျော်ရှိတဲ့ မိထ္တီလာမြို့နဲ့ ၂၂ မိုင်သာ ကွာဝေးပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်တဲ့ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေနဲ့လည်း မလှိုင်ဟာ နယ်မြေချင်းထိစပ်နေတာ ဖြစ်ပါတယ်။

မိထ္တီလာမြို့ဟာ မိထ္တီလာ – ကျောက်ပန်းတောင်း – ပုဂံ – ပခုက္ကူ၊ မိထ္တီလာ – မြင်းခြံ – နွားထိုးကြီး – မုံရွာ၊ မိထ္တီလာ – ပျော်ဘွယ် – ရမည်းသင်း – နေပြည်တော်၊ မိထ္တီလာ – ဝမ်းတွင်း – သာစည် – မန္တလေးနဲ့ မိထ္တီလာ – ရန်ကုန် စတဲ့ လမ်းကြောင်းငါးခုနဲ့ မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်းနဲ့ အောက်ပိုင်းတို့ကို ဆက်စပ်ပေးနိုင်တဲ့ မြို့တစ်ခုလည်း ဖြစ်ပြီး စစ်အုပ်စုက မိတ္ထီလာနယ်ထဲ တော်လှန်ရေးတပ်တွေ ဝင်ရောက်လှုပ်ရှားမှု မလုပ်နိုင်စေရေး ပိတ်ဆို့နေတာ ဖြစ်ပါတယ်။

မိတ္ထီလာခရိုင်၊ မလှိုင်နယ် စစ်အုပ်စု ငွေညှစ်ဂိတ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရွာခံတွေကို ရန်ပြုကာ နေရာရွှေ့ပြောင်း ဖယ်ရှားခိုင်းနေတဲ့ ရေချိုရွာ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မိတ္ထီလာ #မလှိုင်နယ်

Related Articles

Back to top button