
ဒေါ်လာ/MFP၊ ဩဂုတ် – ၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင်ဘုရားအနီးရှိ သစ်ညိုပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အဓိက ပစ်မှတ်ထားပြီး ဒီကနေ့ ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်ခိုလှုံနေတဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရကာ ကျောင်းဆောင်၊ ကျောင်အုတ်တံတိုင်းနဲ့ နေအိမ်တွေ ပျက်စီးတယ်လို့ သတင်း ရရှိပါတယ်။
ဩဂုတ် ၁ရက် ဒီကနေ့ ညနေ ၆နာရီခွဲမှာ မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်နဲ့ မုံရွာမြို့နယ်၊ သစ်ညိုပင်ရွာ ဘုန်းတော်ကြီးကျောင်းကို အဓိက ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ ကလေးငယ် ငါးဦး အပါအဝင် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း၊ ဘုန်းတော်ကြီးကျောင်း အဆောက်အဦး တစ်လုံးနဲ့ နေအိမ်တစ်လုံး ပျက်စီးတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MPDO) က သတင်း ထုတ်ပြန်ပါတယ်။
“အကြောင်းမဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်တယ်ဗျ။ ဒဏ်ရာရတဲ့ ကလေးငယ်တွေက ကျောင်းထဲမှာ စစ်ရှောင်နေကြတဲ့ စစ်ဘေးရှောင် မိသားစု ကလေးတွေပါဗျ” လို့ MPDO တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ဩဂုတ် ၁ရက် ဒီကနေ့ မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ ပွိင့်ဖိုက် (.၅) အပါအဝင် စစ်ကား ရှစ်စီးနဲ့ ခြေလျှင် အင်အား ၂၅၀ ခန့်ပါ စစ်အုပ်စုဟာ ကျောက္ကာရွာဘက် ဦးတည်ပြီး ကျောက္ကာ ရွှေဂူနီဘုရားရှိ စစ်အုပ်စု ငွေညှစ်ဂိတ်ထဲ ဝင်ရောက်နေတယ်လို့ ဒေသခံမြေပြင်ကင်းထောက်တွေက ပြောပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုး လှုပ်ရှားမှုရှိနေလို့ မုံရွာ-ကျောက္ကာ – အရာတော် ကားလမ်းပိုင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ MPDO က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်း စတဲ့ အရပ်သားပြည်သူ စုဝေးနေထိုင်လေ့ရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ထုတာတွေ ကျူးလွန်နေလို့ ပြည်သူတွေ လေကြောင်း အန္တရာယ် သတိပြုကြဖို့လည်း MPDO က သတိပေးတိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မုံရွာနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေဓဝါရီကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ် သစ်ညိုပင်ရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို ဩဂုတ် ၁ရက် ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့စဉ်/Photo – မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MPDO)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #ဘုန်းကြီးကျောင်းပေါ်ဗုံးကြဲ



