စစ်ကိုင်းသတင်း

ဝက်လက် မုဆိုးခြုံရွာမှာ စပါးပွဲစားအိမ် လူသတ်၊ ဓားပြတိုက်မှု ဘယ်သူ ကျူးလွန်သလဲ၊

မိသားစုက အမှုမဖွင့်လိုလို့ ပအဖ က တရားလိုလုပ်ကာ အမှုမှန်ဖော်ထုတ်မယ်လို့ ပလဖ ပြော၊

မုဆိုးခြုံရွာဟာ PDF စိုးမိုးထားတဲ့ရွာ ဖြစ်ပြီး အနီးက ဟံလင်းမြို့ဟောင်းမှာ စစ်အုပ်စု ဂိတ်စခန်းရှိ၊

ရွှေဥ/MFP၊ ဩဂုတ် – ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံ (ရွာမ) မှာ စပါးပွဲစား သက်ကြီးပိုင်း ဇနီးမောင်နှံ နှစ်ဦးတည်းနေထိုင်တဲ့အိမ် မနေ့က ညပိုင်း ဓါးပြတိုက်၊ လူသတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေက ဖုန်းသုံးလုံးနဲ့ ငွေကျပ်သိန်း ၁၅၀ ဓားပြတိုက် ယူဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ် ၁ရက် ည ၁၂ နာရီခွဲ အချိန်မှာ ဝက်လက်မြို့နယ် မုဆိုးခြုံ (ရွာမ)ရှိ စပါးပွဲစားဖြစ်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဦးဇော်ထွန်းရဲ့ နေအိမ်ကို အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူ လူခြောက်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး စီးနင်း ဓါးပြတိုက်တာလို့ စုံစမ်းသိရကြောင်း ဝက်လက်မြိုနယ် ပြည့်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

ဓားပြတိုက်သူတွေဟာ အရပ်ဝတ်နဲ့ဖြစ်ပြီး ဦးဇော်ထွန်းတို့ ဇနီးမောင်နှံကို ကြိုးတုပ်ကာ ဖုန်းသုံးလုံးနဲ့ ငွေကျပ်သိန်း ၁၅၀ ကို ယူဆောင်ပြီးနောက် ပြန်ထွက်ချိန် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဦးဇော်ထွန်း သေတာက ဒဏ်ရာက တစ်ချက်တည်းပဲ၊ နဖူးကနေ နှောက်စေ့ထိ ပေါက်ထွက်သွားတယ်။ ဇနီးဖြစ်သူကတော့ ဒဏ်ရာရတာ မရှိဘူး။ သူတို့ လင်မယားကို အိမ်ပေါ်ကနေ ဆင်းထိုင်ခိုင်းပြီး သူတို့ ဖုန်းတွေ၊ ပိုက်ဆံတွေယူ ပြန်အထွက်ကျမှ သူတို့က (ဓါးပြတိုက်သူ)က မျက်နှာတွေ လက် ကြိုးတုပ်တာတွေ ဖြည်ပေးပြီးမှ ပြန်တာ။ ပြန်တော့ ယောကျာ်းဖြစ်သူက အော်ပုံ ပေါ်ပါတယ်။ သူတို့ (စစ်ဆေးမေးမြန်းသူ) သုံးသပ်ချက်အရ အော်တဲ့အချိန် ခြံစည်းရုံးက ပစ်လိုက်တာ၊ အပြင်က ပစ်လိုက်တော့ နဖူးမှန်သွားတာ အဲ့ဒီ တစ်ချက်တည်းပဲ ” လို့ ဝက်လက်မြို့နယ် ပလဖ တာဝန်ရှိသူက ပြောပါတယ်။

အခင်းဖြစ်တဲ့ မုဆိုးခြုံရွာဟာ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ ရွာ ဖြစ်ပေမယ့် မုဆိုးခြုံရွာနဲ့ ၁၀ မိုင်ခန့်အကွာရှိ ဟံလင်းမြို့ဟောင်းကိုတော့ အာဏာသိမ်း စစ်အုပ်စုက စီးနင်းအထိုင်ချ တပ်စွဲထားပြီး အဲ့ဒီ ဟံလင်းရှိ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ လက်နက်အားကိုးနဲ့ အနီးဝန်းကျင် ရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ ကျူးလွန်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် မနေ့ကညပိုင်း မုဆိုးခြုံရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်၊ ဓားပြတိုက်မှု ဖြစ်စဉ်မှာတော့ စပါး အရောင်းအဝယ်နဲ့ ငွေကြေး မရှိ၊ရှိကို သိနိုင်တဲ့ ရင်းနှီးသူတွေထဲက ဖြစ်နိုင်ပြီး ငွေကြေးရလိုမှုကြောင့်သာ သတ်ဖြတ်လိုက်တာ ဖြစ်မယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“မုဆိုးခြုံရွာက တော်လှန်ရေး အင်အားစုတွေ စိုးမိုးတဲ့ရွာ၊ စစ်တပ်က ဟံလင်းမှာပဲ ထိုင်ထားတယ်။ အဲ့ဒါနဲ့က ၁၀မိုင်လောက် ဝေးတယ်။ စစ်တပ်က တိုးဖို့ လာဖို့ မလွယ်ဘူး။ စပါးရောင်းဝယ်တာကို သိတဲ့ သူထဲက ကျူးလွန်တာ နေမယ်”

မုဆိုးခြုံရွာ လူသတ်၊ ဓားပြမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ စုံစမ်းနေနေတယ်လို့  ဝက်လက်မြို့နယ် ပလဖ တာဝန်ရှိသူက ပြောပါတယ်။

ကျူးလွန်ခံရသူ မိသားစုက အမှုမဖွင့်လိုတာကြောင့် သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က တရားလိုလုပ် အမှုဖွင့်ကာ ပလဖက အမှုမှန်ပေါ်ပေါက်၊ အရေးယူနိုင်ရေး ဆောင်ရွက်မှာလို့ ဆိုပါတယ်။

“သူ့မိန်းမက တိုင်ချက်မဖွင့်ဘူး။ တိုင်ချက်ကို မဖွင့်ချင်ပါဘူး ဖြစ်နေတာ၊ ကျေးရွာ ပအဖ တရားလို လုပ်ပြီး ဖွင့်မှာ၊ ဒီကိစ္စမျိုးက တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်လို့ ပအဖက တရားလို လုပ်ပြီးဖွင့်မှာ၊ သူတို့ ဆွေးမျိုးသားချင်းတွေကလည်း အမှုကို တစ်ယောက်မှ မဖွင့်ချင်ကြဘူး ဖြစ်နေတာ။ နောက်ဆက်တွဲ ကတော့ အမှုဖွင့်ပြီးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ တရားခံ ဖော်ထုတ်နိုင်အောင် ကြိုးပမ်းနေတာ ရှိပါတယ်” လို့ မြို့နယ် ပလဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ နေရာကွက်ကျား စိုးမိုးထားတဲ့ ဝက်လက်မြို့နယ်မှာ လူသတ်၊ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်တာမျိုးလည်း အားနည်းနေပါတယ်။

ယခုနှစ်ဆန်း ဇန်နဝါရီလက ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာမှာ စပါးပွဲစား အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦး ဓါးပြတိုက် သတ်ဖြတ်ခံရပြီး ငွေကျပ်သိန်း ၆၀၀ လုယက်ခံခဲ့ရကာ ကျူးလွန်သူကို မဖော်ထုတ်နိုင်သေးပါဘူး။

၂၀၂၅ ဇူလိုင်ကလည်း  ဝက်လက်မြို့နယ်၊ မန္တလေး – ရွှေဘို ကားလမ်းဘေး၊ စစ်အုပ်စု ဂိတ်စခန်းရှိတဲ့ လှတောကျေးရွာမှာလည်း လူသတ်၊ ဓားပြတိုက်မှု  ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ၁၁ ဦးကို တော်လှန်ရေး အင်အားစုတွေက ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဝက်လက်နယ် #မုဆိုးခြုံရွာ

Related Articles

Back to top button