ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း စစ်အုပ်စုက ဓါတ်ပုံတချို့ ထုတ်ပြ၊ICRC ထုတ်ပြန်တာကို စောင့်ကြည့်ရဦးမယ်လို့ NUG ပြော၊မင်းအောင်လှိုင် ထိုင်းကို သွားကာနီး ဒေါ်အောင်ဆန်းစုကြည် ပုံတချို့ ထုတ်ပြတာဖြစ်၊

မှုးအိန်ဂျယ်လ်/MFP၊ ဩဂုတ် – ၃
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း ဓါတ်ပုံတချို့ကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ ဩဂုတ် ၃ရက်မှာ ထုတ်ပြလာပါတယ်။
ဒါဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းကို သွားကာနီး ရက်ပိုင်းအလို အချိန်ကိုက် ထုတ်ပြတာဖြစ်သလို စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖေါ်ဝါရီကတည်းက ဖမ်းဆီး ပိတ်လှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အား သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ တောင်းဆိုမှု မြင့်တက်နေချိန်နဲ့ ချိန်ညှိပြီး စစ်အုပ်စုက ထုတ်ပြတာလည်း ဖြစ်ပါတယ်။



ဩဂုတ် ၃ရက် ဒီကနေ့ မနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque နဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အပေါ် အပြည့်အဝ ယုံကြည်လို့ မရသေးဘဲ ICRC ဘက်က ဘယ်လို ထုတ်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ဒီထုတ်ပြန်မှုနဲ့ ဓာတ်ပုံတွေ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ICRC ဘက်က ဘယ်လို ထုတ်ပြန်လာမလဲဆိုတာကို စောင့်ကြည့်ဖို့ လိုပါမယ်။ အခုကတော့ စစ်အုပ်စုရဲ့ ဝါဒဖြန့်မီဒီယာတွေကပဲ ထုတ်ပြန်တဲ့ သဘော ရှိသေးတဲ့အတွက် ICRC ဘက်က ထုတ်ပြန်ချက်ကို စောင့်ကြည့်ဖို့ လိုပါမယ်။ နောက်တစ်ခုကတော့ ပြည်သူ့တော်လှန်ရေးနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့်သာ ဒါမျိုး လုပ်တယ်ဆိုတာ သေချာပါတယ်။ ရှေ့လျှောက် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကလည်း တော်လှန်ရေး ဘက်က ဘယ်လောက်ဖိအား ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်လိမ့်မယ်”
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်အား ICRC နဲ့သာ တွေ့ခွင့်ပေးတာဟာ နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဘဲ ရာဇဝတ်သား အနေနဲ့သာ ဆက်ဆံတဲ့သဘောဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ICRC နဲ့ တွေ့ဆုံခွင့်ပေးတာဟာလည်း ပြည်တွင်းပြည်ပနဲ့အာ ဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုတွေကြောင့် ရရှိလာတာ ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ နိုင်ငံတော်ကို ပြန်လည် ဦးဆောင်ဖို့ သူမရဲ့ အခန်းကဏ္ဍကို တရားဝင် အသိမှတ်ပြုရမယ်လို့ AAPP က ဆိုပါတယ်။
“စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင် ရွေးချယ်တင်မြောက်ထားသည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦး အနေဖြင့် အသိအမှတ်ပြုခြင်း မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီကိုသာ ရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေပါသည်။ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးရမည့်အပြင် နိုင်ငံတော်ကို ပြန်လည် ဦးဆောင်ရန် သူမ၏ အခန်းကဏ္ဍကို တရားဝင် အသိမှတ်ပြုရမည် ဖြစ်သည်” လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ICRC နဲ့ တွေ့ခွင့်ပေးတာ၊ ဓာတ်ပုံတချို့ ထုတ်ပြတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ် မတိုင်မီ သုံးရက်အလိုမှာ ဖြစ်ပြီး အများစုကတော့ ICRC ဘက်က ဘာတွေ ထုတ်ပြန်လာမလဲဆိုတာ စောင့်စားနေကြတဲ့အကြောင်း လူမှုကွန်ယက်မှာ ရေးသားပြောဆိုနေကြပါတယ်။
“အမှန်တိုင်းပြောရမယ်ဆိုရင် နိုင်ငံခေါင်းဆောင်တစ်ယောက်ကို အပြစ်မရှိဘဲ အပြစ်ရှာပြီး မတရား ဖမ်းဆီး ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ခြွင်းချက်မရှိ မဖြစ်မနေ ပြန်လွှတ်ပေးရမှာ ဖြစ်တယ်။ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကို ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အပါအဝင် တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ဒီရည်မှန်းချက်တွေ ရရှိတဲ့အထိ ကျွန်တော်တို့ လမ်းကို တစိုက်မတ်မတ် ဆက်လက် လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ Kim Aris (ခ) ကိုထိန်လင်း ဦးဆောင်ကာ Proof of Life Campaign လှုပ်ရှားမှုကို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ပြုလုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်ကနေ နေအိမ် ပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဧပြီ ၃၀ ရက်မှာလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန် ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၁၄ ခုနဲ့ အမှုဆင်တရားစွဲပြီးနောက် ထောင် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်းနဲ့ ICRC နဲ့ တွေ့ခွင့်ပေးခဲ့ကြောင်း အာဏာသိမ်း စစ်အုပ်စုက ထုတ်ပြတဲ့ပုံ/Photo – စစ်အုပ်စု



