စစ်ကိုင်းသတင်း

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ ပျူတွေ ပေါင်းပြီး ဆောက်ထားတဲ့ ပျူရွာချင်းဆက် တံတား ရေစီးနဲ့မျောပါ၊

MN/MFP ၊ ဩဂုတ် – ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်ရှိ ပျူစောထီးရွာတွေ အချင်းချင်း ကူးသန်းသွားလာနိုင်ဖို့ ဖောက်လုပ်ထားတဲ့ ပျူရွာချင်းဆက် မူးမြစ်ကူးတံတား ဒီကနေ့ မနက်ပိုင်း ရေထဲမျောပါ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ကံရိုးရွာ ပျူစောထီးစခန်းနဲ့ တန့်ဆည်နယ် မူးခွရွာ ပျူစောထီးစခန်းကြား ကူးလူး သွားလာနိုင်ဖို့ ၂၀၂၄ ခုနှစ်မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ဝါသဝ တို့ ပူးပေါင်း ဆောက်လုပ်ထားတဲ့ ငြိမ်းချမ်းရွှေပြည် အမည်ရ ပျူရွာချင်းဆက် မူးမြစ်ကူးတံတား ဒီမနက်ပိုင်း ရေစီးနဲ့ မျောပါပျက်စီးတာလို့ ဆိုပါတယ်။

အဲ့ဒီတံတားကို ဝါသဝ တံတားလို့ ခေါ်ကြပြီး ဒေသခံ သာမန်ပြည်သူတွေ ကူးသန်းသွားလာခွင့် မရဘဲ ဝါသဝ လက်အောက်ခံ ပျူစောထီးတွေသာ ကူးသန်းသွားလာလို့ရတဲ့ တံတားဖြစ်တယ်လို့ တန့်ဆည်နယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“ဝါသဝ တံတားဆိုတာက ဒီဘက်(တန့်ဆည်နယ်)နဲ့ ကန့်ဘလူနယ်ကို ချိတ်ဆက်ထားတဲ့ တံတားကြီး၊ ဒီနေ့ မနက် ၁၀ နာရီလောက်က ပါသွားတာ။ အဲဒီတံတားက ကျွန်းလယ်ပျူရွာနဲ့ ဟိုဘက်က ကန့်ဘလူ မှောတော် (ဝါသဝရွာ) တောက္ကရှပ်ဘက်ကို ကူးတံတားပေါ့။ အဲဒီတံတားက ကျွန်တော်တို့ NUG ဘက်က လူတွေ သွားလို့ မရဘူးဗျ။ သူတို့ ဘုန်းကြီးတွေနဲ့ ပျူရွာအချင်းချင်း ကူးတဲ့ တံတားပဲဗျ။ အဲဒီ တံတားက တန့်ဆည်ဘက်က ပျူရွာ ခြောက်ရွာနဲ့ ကန့်ဘလူဘက်ခြမ်းက ရွာတွေကို ကူးတဲ့ အရေးပါဆုံး တံတားပေါ့။ လက်ရှိ အဲဒီ တံတားမရှိရင် သူတို့ ကူးလို့ မရတော့ဘူး”

ရေကြီးရေလျှံမူ သဘာဝဘေးကြောင့် တံတားကြီး ပျက်သွားခဲ့ရပြီလို့ ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ က တယ်လီဂရမ်မှာ ရေးထားပါတယ်။

အဲ့ဒီ ပျူရွာချင်းဆက် မြစ်ကူးတံတား ဆောက်ဖို့ ဝါသဝ ဦးဆောင်တဲ့ ပျူတွေနဲ့ စစ်အုပ်စုဟာ ဒေသတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ ပြည်သူပိုင် တန်းဘိုးရှိပစ္စည်းတွေကို ဖောက်ထွင်းလုယက် ခိုးယူခဲ့သလို လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးရွာ၊ ရေကြီးတာကြောင့် သဖန်းဆိပ်ဆည် ရေပြည့်ကာ ဆည်ရေ လွှတ်ချခဲ့တာကြောင့် မူးမြစ်ရေကြီးပြီး ကန့်ဘလူနဲ့ တန့်ဆည်နယ်ရှိ မူးမြစ်ရိုးတလျှောက် ကျေးရွာတွေ ရေကြီးနစ်မြှုပ်မှု ကြုံနေရပါတယ်။

မူးမြစ်ရေကြီးလို့ တန့်ဆည်မြို့နယ်အတွင်းရှိ ဝါသဝ လက်အောက်ခံ ပျူရွာ ၁၁ ရွာနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ ၁၀ ရွာကျော် ရေကြီးနစ်မြုပ်မှုတွေ ကြုံနေရပြီး အရေးပေါ် ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေရတယ်လို့ တန့်ဆည်နယ်ခံတွေက ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆာင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ကန့်ဘလူနယ် တောမှော်ရွာက သင်္ကန်းဝတ် ဝါသဝ ကို ပျူစောထီးခေါင်းဆောင်အဖြစ် လက်သပ်မွေးကာ လက်နက်တွေ ထုတ်ပေးထားပြီး ဒေသတွင်း ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ကျူးလွန်စေကာ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးနေတာ ဖြစ်ပါတယ်။

သင်္ကန်းဝတ် ပျူစောထီးခေါင်ဆောင် ဝါသဝ နဲ့ စစ်အုပ်စု ပူးပေါင်း ဆောက်လုပ်ခဲ့တဲ့ ပျူရွာချင်းဆက် မူးမြစ်ကူး တံတား/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီးဝါသဝ

Related Articles

Back to top button