
တန့်ဆည်နဲ့ ဒီပဲယင်းမှာ ရေဘေးကြောင့် သေဆုံးသူ ခုနှစ်ဦး ရှိလာ၊
သဖန်းဆိပ်ဆည် ရေလွှတ်လို့ မူးမြစ်ရိုးတလျောက် ရွာ ၁၀၀ ကျော် ရေဘေးသင့်နေပြီး သောက်သုံးရေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ၊
MN/MFP ၊ ဩဂုတ် – ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ရွှေလှံကျေးရွာက အမျိုးသား တစ်ဦးဟာ ဩဂုတ် ၇ရက် ဒီကနေ့ မနက်ပိုင်း ရေစီးနဲ့မျောပါ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်ထားတာကြောင့် မူးမြစ်ရေ ကြီးကာ ရေတက်နေချိန် တန့်ဆည်နယ် အရှေ့ခြမ်း၊ မူးမြစ်ကမ်းအနီးမှာရှိတဲ့ ရွှေလှံကျေးရွာက အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ရေနစ်ပြီး ရေစီးကြောင်းနဲ့အတူ မျောပါသေဆုံးတာလို့ ဆိုပါတယ်။
“ရွှေလှံရွာက အမျိုးသားတစ်ဦး ရေးဘေးသင့်ပြီးတော့ သေဆုံးသွားတာပါ။ ရေနစ်ပြီးတော့ ရေစီး ကြောင်းနောက် ပါသွားတာ။ မနက် ၁၀ နာရီလောက်က ဖြစ်သွားတာ။ ရေစီးကြောင်းနဲ့ မျောပါသွားတာ ဆိုတော့ ရုပ်အလောင်းကတော့ ပြန်မရသေးဘူး”လို့ ဒေသခံ အမျိုးသားက MFP ကို ပြောပါတယ်။
ရွှေလှံကျေးရွာဟာ မူးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကားဘိုးဆည်ရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး မနေ့က ကာဘိုးဆည် ရေဖောက်ချလိုက်တာကြောင့် အနီးနားက တာတမံတွေပါ ကျိုးပေါက်ခဲ့ကာ တန့်ဆည်နယ် အပါအဝင် မူးမြစ်ရိုးတလျှောက် ကျေးရွာ အများအပြား ရေကြီးနစ်မြုပ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ရက် မနေ့က သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်လိုက်တာကြောင့် ချောင်းကူးတံတားတွေ ကျိုးပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တဲ့ တန့်ဆည်နယ် အရှေ့မြောက်ခြမ်းမှာတော့ ဒီကနေ့ ရေ အနည်းငယ် စတင်ကျဆင်းနေပြီ ဖြစ်ပေမဲ့ တန့်ဆည် အရှေ့ခြမ်းနဲ့ မြစ်အောက်ပိုင်းတွေမှာတော့ ရေကြီး နစ်မြုပ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်ရှိ တန့်ဆည်နယ်ထဲမှာ အရေးပေါ် ရေဘေးသင့်နေတာကတော့ လူဦးရေ တစ်သောင်းဝန်းကျင် ရှိပါတယ်ဗျ။ တန့်ဆည်နယ် မြောက်ခြမ်းမှာတော့ ဒီနေ့က မိုးမရွာတော့ ရေအားက နည်းနည်းတော့ ကျသွားပြီ။ အကုန်လုံးတော့ မကျသေးဘူးပေါ့။ ရေဘေးသင့်ရွာတွေကတော့ ၁၀ ရွာကျော်လောက် ရှိနေပါသေးတယ်။ အကူအညီတွေကတော့ သောက်ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်ပါတယ်။ ရေက အိမ် အပေါ်ထပ်တွေပါ မြုပ်ကုန်တာဆိုတော့ ရေတွင်း ရေကန်တွေက သုံးလို့ မရတော့ဘူး။ ထမင်း ထုပ်ကတော့ ပသုံးလုံး (ဒေသအာဏာပိုင်)ကနေ ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်ဗျ”လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ခံက MFP ကို ပြောပါတယ်။

လက်ရှိမှာ တန့်ဆည်နယ် မြောက်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကမ်းဖြူ၊ ဝက်တိုး၊ သာဂေါင်ကြီး၊ ငတန်း၊ ရွှေလှန်၊ အက်တော၊ သဲကုန်း၊ မူးဝ၊ တပ်သစ်၊ ညံသာ၊ တုတ္တလုပ်၊ အောင်သုခ၊ ဗျက်ကြီး၊ သာစီကုန်း စတဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေပြီး သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သဖန်းဆိပ်ဆည်ရေ လွှတ်ချမှုကြောင့် မူးမြစ်ရိုးတလျှောက်က မြို့၊ရွာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေသလို ရေကြီးမှုကြောင့် လူသေဆုံးမှုတွေ ရှိလာပြီး ဩဂုတ် ၆ ရက် မနေ့ကလည်း ဒီပဲယင်းနယ် အနောက်ခြမ်း၊ အင်ဘုတ်ကျေးရွာအုပ်စုမှာ ကောက်စိုက်ပြီးပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ချောင်းကို ဖြတ်ကူးစဉ် ရုတ်တရက်ရေကြီးကာ ရေစီးနဲ့အတူမျောပါသွားရာက ခြောက်ဦး ရေနစ် သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ သဖန်းဆိပ်ဆည်ရေ လွှတ်ချထားတာကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို စတဲ့ မြို့နယ်တွေက ကျေးရွာ ၁၀၀ ကျော် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူတွေ အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။
သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေကို ရောက်ရှိနေပြီး ဆည်ရေတွေ ထပ်မံလွှတ်ထုတ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းနယ် ရွာတစ်ရွာ ရေမြုပ်နေသည်ကို ဩဂုတ် ၇ရက် ဒီမနက်ပိုင်း တွေ့ရစဉ်/Photo – နွေဦးမေ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဒီပဲယင်းကောက်စိုက်သမ #မူးမြစ် #သဖန်းဆိပ်ဆည်



