
မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်နေပြီး အရေးပေါ် အကူအညီတွေ လိုနေ၊
MN/MFP ၊ ဩဂုတ် – ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ ရွှေဘို၊ ခင်ဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ရေဘေးကြောင့် ဒေသခံပြည်သူ လေးဦး ထပ်မံ သေဆုံးပြီး ရေဘေးကြုံရတဲ့ လေးရက်တာအတွင်း သေဆုံးသူ ၁၃ ဦးအထိ ရှိလာတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကို ဩဂုတ် ၅ ရက်က စတင်ပြီး ရုတ်တရက် ရေ ဖောက်ချတာကြောင့် ဆည်ရဲ့အောက်ဘက် မူမြစ်ရိုးတလျှောက်ရှိ မြို၊ရွာ ၁၅၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေတာ ဖြစ်ပြီး ရေဘေးကြောင့် သေဆုံးသူတွေပါ တိုးလာနေတာ ဖြစ်ပါတယ်။
ရေဘေးကြောင့် ဩဂုတ် ၈ရက်မှာ ထပ်မံ သေဆုံးသူတွေဟာ ခင်ဦးမြို့နယ်အနောက်ခြမ်း၊ မူးမြစ်ဘေးရှိ ကျွန်းတောကြီးရွာက အမျိုးသမီး တစ်ဦး၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးမြစ်ဘေးရှိ ကြူတောကျေးရွာက အမျိုးသမီး တစ်ဦးနဲ့ ရွှေဘိုမြို့နယ် အနောက်ခြမ်း မူးမြစ်ဘေးကျေးရွာတွေက ပြည်သူ နှစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“ဒီပဲယင်း ကြူတောရွာက အမျိုးသမီးတစ်ဦး ချောင်းရေနစ်ပြီး ဆုံးတာ” လို့ ဒေသခံက ပြောပါတယ်။

သဖန်းဆိပ်ဆည် ရေဖောက်ချလို့ ဩဂုတ် ၆ ရက်မှာ ဒီပဲယင်းမြို့နယ်က ကောက်စိုက်ပြီးပြန်လာတဲ့ အမျိုးသမီး ခြောက်ဦး၊ ဩဂုတ် ၇ရက်မှာ တန့်ဆည်မြို့နယ်က အမျိုးသား တစ်ဦးနဲ့ ကန့်ဘလူမြို့နယ်က အမျိုးသား နှစ်ဦး၊ စုစုပေါင်း ကိုးဦး သေဆုံးခဲ့ပြီး ဖြစ်ကာ ဩဂုတ် ၈ရက်မှာ လေးဦး ထပ်မံ သေဆုံးတာကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ သဖန်းဆိပ်ဆည်ရဲ့ အောက်ဘက်၊ မူးမြစ်အထက်ပိုင်းရှိ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦး မြို့နယ်တွေမှာ မူးမြစ်ရေ နှစ်ပေခန့် ကျဆင်းနေပေမဲ့ မြစ်အောက်ပိုင်းရှိ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မြိုယ်တွေမှာ မူးမြစ်ရေ ဆက်တိုးနေပြီး ဒီကနေ့ မိုးသည်းထန် ရွာလို့ ရေပိုကြီးကာ ရေဘေးသင့်တဲ့ မြို့၊ရွာ ပိုတိုးလာတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
“မနေ့တုန်းကတော့ ရေက နည်းနည်းလေး ကျသွားသေးတယ်။ ဒီနေ့တော့ မိုးကရွာနေတော့ ရေက ပြန်တက်လာသလို မူးမြစ်ရေ မဝင်တဲ့ ရွာအချို့ပါ မိုးရေကြီးပြီးတော့ မြုပ်နေတာတွေ ရှိတယ်။ လက်ရှိ ခင်ဦးနယ် အနောက်ခြမ်းနဲ့ အနောက်တောင်ခြမ်းမှာ ရေနစ်မြုပ်နေတာက ကျေးရွာပေါင်း ၂၀ ကျော် လောက်နဲ့ လူဦးရေ ၂၀,၀၀၀ ကျော် ရေဘေးသင့်နေပါတယ်”လို့ ခင်ဦးမြို့နယ် ပကဖ တာဝန်ခံက MFP ကို ပြောပါတယ်။

မူးမြစ်ရိုးတလျှောက် ရှစ်မြို့နယ်က မြို့၊ရွာ ၂၀၀ နီးပါး ရေမြုပ်နေပြီး ကူညီကယ်ဆယ်ရေးတွေလည်း မနိုင်မနင်း ဖြစ်နေကာ ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာ စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူနယ်က ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ရေဦးနယ်က မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော်၊ ခင်ဦးနယ် ရွာ ၂၀ ကျော်၊ ဒီပဲယင်းနယ်က ရွာ ၂၀ ကျော်၊ ရွှေဘိုနယ်က ရွာ ၂၀ ကျော်၊ ဝက်လက်နယ်က ကျေးရွာ ၁၇ ရွာနဲ့ အရာတော်မြို့နယ် မူးမြစ်ဘေးက ကျေးရွာတွေ၊ စုစုပေါင်း မြို့၊ရွာ ၂၀၀ ဝန်းကျင် ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့် နေတာ ဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်နဲ့ ကန့်ဘလူနယ်ရှိ ကင်းတပ်ဆည်တွေက ရေတွေ ထုတ်လွှတ်နေလို့ အောက်ဘက်ရှီ ကာဘိုးဆည်လည်း ရေမထိန်းနိုင်တော့ဘဲ ဩဂုတ် ၇ရက်က စတင်ကာ ရေတွေ ဖောက်ချထားသလို မူးမြစ်ကူး တံတား နှစ်စင်း၊ တူးမြောင်းကူးတံတားတွေ၊ တူးမြောင်းဘောင်တွေ၊ ကန်ဘောင်တွေ ကျိုးကျကာ မူးမြစ်ရိုးတလျှောက် ရေကီးနစ်မြုပ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မူးမြစ်ရိုးတလျှောက်ဟာ မြွေပွေးပေါတဲ့ ဒေသဖြစ်ပြီး ရေတက်ချိန် မြွေအန္တရာယ်ပါ ကြုံနေရသလို လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ ပြတ်တောက်နေတာကြောင့် ပိုးထိ (မြွေကိုက်ခံရသူ) လူနာတွေအတွက် မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရေးဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မူးမြစ်ရိုးတလျှောက် ကျေးရွာတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ် ခံစားနေရတဲ့ ဒေသဖြစ်ကာ လက်ရှိ ရေဘေးပါ ထပ်မံ ကြုံရတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်တာ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြဖို့ အမျိုသား ညီညွတ်ရေးအစိုးရ – NUG နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။


ရေဘေးသင့်နေတဲ့ အညာ/Photo – ဝက်လက် ပကဖ၊ ရွှေဘို ပကဖ၊ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြား
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



