
ကိုသူ/MFP၊သြဂုတ်-၁၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ဆယ်ပေးနေစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးဦးတိုးဝေအောင်က သြဂုတ် (၁၁) ရက် ဒီနေ့မှာ လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဗိုက်နာလာလို့ ရေကြီးလာတဲ့ကြားကပဲ အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တွေ၊ လူစာနာတာဝန်ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး အခက်ခဲတွေကြားက လုပ်ဆောင်ခဲ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမီးဖွားပေးရာမှာ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ရေစီးသန်ရာနေရာအတွင်းက ဆီပေပါပေါ်မှာရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို သွားရောက်ကယ်ထုတ်ရတာဖြစ်ပြီး မိခင်ရော ကလေးငယ်ပါ အသက်ရှင်ကျန်းမာတယ်လို့ ဆိုပါတယ်။
“ကိုယ်ဝန်သည်ကို လှေနဲ့ကယ်ထုတ် ကလေး မွေးဖွားပေးပြီး လှည်းနဲ့ ဘေးလွတ်ရာ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ ကလေး မွေးပြီးပြီးချင်း ရေကြီးလာသဖြင့် မိခင်ကို ပေပါနဲ့ ကတ်ကြမ်းထိုး တင်ထားတယ် သတင်း ကြားသည့်အတွက် သွားရောက်ကယ်ထုတ်နိုင်ခဲ့တယ်။ မိခင် က အားပြတ်နေပြီး ကလေး ဟာ နို့ကောင်းကောင်းမစို့ရလို့ နွမ်းနေခဲ့ပါတယ်။ အခုတော့ မိခင်ရော ကလေးပါ ကောင်းမွန်အဆင်ပြေသွားခဲ့ပါပြီ” လို့ဝန်ကြီးဦးတိုးဝေအောင်က လူမှုကွန်ရက်မှာ ရေးသားထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အခြားကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးသင့်နေချိန် ကလေးငယ်မီးဖွားနိုင်ခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၀ နှစ်ကျော်ကာလအတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။
“ရေကြီးတုန်း မွေးလာခဲ့တာ မယုံနိုင်ဘူးဗျာ၊ ချမ်းချမ်းနဲ့ ထွက်လာခဲ့သလား မပြောတတ်ဘူး၊ မိခင်နဲ့ ကလေးပါ ကျန်းမာလို့ ပျော်နေကြတယ်”လို့ အဆိုပါဒေသခံကပြောပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ သစ်ရက်ချို၊ ကျောက်ကုန်းကျေးရွာက ဒေသခံ ၈၀၀ နဲ့ ၁၀၀၀ အကြား ရေကြီးနစ်မြုပ်ရာမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်ပေးဖို့ ကြိုးစားနေတယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို ဩဂုတ် ၅ ရက်က စတင်ကာ ရုတ်တရက် ရေ ဖောက်ချတာကြောင့် ဆည်ရဲ့အောက်ဘက် မူမြစ်ရိုးတလျှောက်ရှိ ရွှေဘိုမြို့နယ်အပါအဝင် ကောလင်း၊ ကန့်ဘလူ၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ အရာတော်၊ ဗန်းမောက်နဲ့ ကျွန်းလှမြို့နယ်တို့က ဒေသခံ နှစ်သိန်းနှစ်သောင်းကျော် ရေဘေးသင့်နေပြီး သောက်သုံးရေ၊အစားအစာ၊ဆေးဝါး၊စက်သုံးဆီ၊မိုးကာစ စတဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန( MoSLHA )က ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၉ရက်နေ့အထိစာရင်းတွေအရ စစ်ကိုင်းတိုင်းထဲက သေဆုံးသူ (၁၅)ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၁၆ဦးရှိပြီး ပျောက်ဆုံးသူ ၂ဦးနဲ့ ဒဏ်ရာရသူ ၆၁ ဦးရှိကာ နေအိမ်တွေရေနစ်မြုပ်တာအပြင် စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာရေလွမ်းမိုးခဲ့ပြီး ချောင်းကူတံတားတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ NUGနဲ့ ယူနစ်အစိုးရတို့အကြား ရေကြီးရေလျှံမှုတွေကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)ကို စတင်ဖွဲ့စည်းပြီး ကူညီကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက်လုပ်ဆောင်သွားမယ်လို့ သြဂုတ်လ ၈ ရက်နေ့မှာ NUGက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ရေကြီးနေစဉ် ကိုယ်ဝန်ဆောင်သည်တစ်ဦးကို မီးဖွားဖို့ ကူညီကယ်ဆယ်ပြင်ဆင်ရေးတွေ လုပ်ဆောင်နေစဉ်/ဓာတ်ပုံ-ဝန်ကြီး ဦးတိုးဝေအောင်ဖေ့စ်ဘွတ်စာမျက်နှာ



