မကွေးသတင်း

မြိုင်နယ်ရေနံမှော်တွေဆီ ဦးတည်နေတဲ့ စစ်အုပ်စု အထိနာပြီး တဲကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေ

အီသာရမ်/MFP၊ဩဂုတ်-၂၈

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရေနံမြေတွေကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အထိနာခဲ့ပြီးနောက် တဲကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်ကMFP ကို ပြောပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ ဒီနေ့နေ့လည် ၁၂ နာရီကျော်လောက်က စတင်ပြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က တဲကြီးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းက ကျေးရွာက နေအိမ်တွေအားလုံးနီးပါးကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းကတော့ တဲကြီးရွာကို မီးရှို့နေပြီ၊တစ်ရွာလုံးနီးပါးလောက်ကို ရှို့နေတာ သူတို့(စစ်အုပ်စု)က အထိနာခဲ့တဲ့နေရာဆိုတော့၊အခုရှို့နေတာပဲ မီးခိုးတလုံးလုံးနဲ့”

အဆိုပါ စစ်အုပ်စုစစ်ကြောင်းက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က လက်ပံတိုရေနံမြေဆီ ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တဲကြီးကျေးရွာမှာ အထိုင်ချတပ်စွဲနေတာ နှစ်ရက်ခန့် ကြာမြင့်နေပြီဖြစ်ပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ မနေ့ကတော့ စစ်အုပ်စု လေကြောင်းကနေ Y8 အမျိုးအစားလေယာဉ်နဲ့ ခဲယမ်းတွေ ချပေးထားပြီး ညပိုင်းမှာတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စုဟာ ပေါက်နဲ့ မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရေနံမြေ၊ ရေနံတွင်းတွေဆီ ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုစစ်ကြောင်းဟာ မြိုင်နယ်ရှိ တော်လှန်ရေးတပ်တွေ နှစ်နှစ်ကျော် ထိန်းချုပ်ထားတဲ့ ကျောက်ခွက် ရေနံမြေနဲ့ ဝဲတူး (Well-2) ရေနံမြေထဲ ဝင်ရောက်နိုင်ရေး တစ်လနီးပါးကြာ စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာတော့ ကျောက်ခွက်နဲ့ ဝဲတူးရေနံမြေတွေကို ဖြတ်သန်းပြီးနောက် တဲကြီးနဲ့ နသတ်ကျေးရွာ ကြားကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

အဲဒီကျောက်ခွက်ရေနံမြေထဲမှာလည်း စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် စစ်အုပ်စုဘက်က အထိနာသွားခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အခုစစ်အုပ်စုစစ်ကြောင်း ဦးတည်နေတဲ့ လက်ပံတိုရေနံမြေဟာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanma Oil and Gas Enterprise – MOGE) အဖြစ် စစ်အုပ်စု အာဏာမသိမ်းမီက ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲပြီး ရေနံထုတ်လုပ်နေတဲ့ နေရာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလထဲမှာတော့ လက်ပံတိုရေနံမြေနဲ့ ဖလံကိုင်းနယ်မြေရဲစခန်းတို့မှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုရဲတွေကို တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီးနောက် အဆိုပါ စစ်အုပ်စုဝင်တွေဟာ လက်ပံတိုရေနံမြေကနေ စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

အဲဒီနောက် အဆိုပါရေနံမြေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လည်ပတ်နေပြီး လက်ရှိအချိန်မှာတော့ စစ်အုပ်စုက လက်လွတ်ခဲ့ရတဲ့ရေနံမြေတွေ ပြန်လည်သိမ်းယူနိုင်ရေးအတွက် မြေပြင်စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲပစ်ကူတာတွေ ဆက်တိုက် လုပ်နေခဲ့တာပါ။ လက်ရှိအချိန်မှာတော့ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းဟာ လက်ပံတိုရေနံမြေနဲ့ ငါးမိုင်ခန့်အကွာမှာ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်ပွားနေပြီး ဩဂုတ် ၂၆ ရက် တစ်နေ့တည်းမှာပဲ မြိုင်နယ် ရေနံမှော်တွေအနီး တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၁၅ကြိမ်ထက်မနည်း ဗုံးကြဲပစ်ကူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ သူတို့အထိုင်ချတပ်စွဲခဲ့တဲ့ ‌ကျေးရွာတွေနဲ့ လမ်းတလျှောက် ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ပြီး ဒေသခံ အရပ်သား ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခဲ့သလို ကျေးရွာ ၁၀ရွာကျော်က ပြည်သူနေအိမ် ၄၀၀ ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်ရှိ ရေနံတွင်း၊ ရေနံမှော်တွေဆီ ဦးတည်ပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေ စုစည်းကာ အညာတမာ စစ်ဆင်ရေး အဖြစ် ခုခံတိုက်ခိုက်ခဲ့ရာ နှစ်လကျော်အတွင်း စစ်အုပ်စု ၅၀ ကျော် သုတ်သင်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်တွေဆီ အလင်ဝင်ရောက်လာသူတွေရှိတယ်လို့လည်း MGY-PDF ကသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုရန်ကြောင့် မြို့င်နယ်နဲ့ ပေါက်နယ်အစပ်က ကျေးရွာတွေက ဒေသခံ​ထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related Articles

Back to top button