မန္တလေးသတင်းအညာမြေ တော်လှန်ရေး

G7 နိုင်ငံတွေ စစ်အုပ်စုနဲ့ ဆက်ဆံရေး ပြန်မစဖို့နဲ့ မြန်မာ့ငြိမ်းချမ်းရေး ကူညီဖို့ SCEF တိုက်တွန်း၊

SCEF က နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင် ပြင်ဆင်နေ၊

ဝင်းသိန်း/MFP၊ နိုဝင်ဘာ – ၁၅

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး G7 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနဲ့ အချိန်မတိုင်မီ စစ်အုပ်စုနဲ့ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်တာမလုပ်ဖို့၊ မြန်မာနိုင်ငံတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ချနိုင်ရေး ကူညီပံ့ပို့ပေးဖို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က နိုဝင်ဘာ ၁၄ရက်မှာ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၉ရက်က ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနဲ့ ဂျပန်) နိုင်ငံခြားရေးဝန်ကြးများ အစည်းအဝေးကနေ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်စေတဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ဖို့အတွက် ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီ G7 ကြေညာချက်ကို ကြိုဆိုကြောင်း SCEF က ထုတ်ပြန်ပြီး G7 နိုင်ငံတွေ အနေနဲ့ အချိန်မတိုင်မီ စစ်အုပ်စုနဲ့ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်တာ မလုပ်ဖို့၊ မြန်မာနိုင်ငံတွင်း ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ချနိုင်ရေး ကူညီပံ့ပို့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

G7 အနေနဲ့ ထုတ်ဖော်ပြောဆိုမှု တစ်ခုတည်းသာမက မြန်မာ့နိုင်ငံရေးကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့နဲ့ အကူအညီတွေ ပြည်သူ လူထုထံ တိုက်ရိုက်ရောက်ရှိစေမယ့် ယန္တရားတွေ တည်ဆောက်ရာမှာ ပါဝင် ပံ့ပိုး ပေးဖို့လည်း အရေးကြီးတယ်လို့ SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးပဒုမ္မာက MFP ကို ပြောပါတယ်။

“G7 အနေနဲ့ ဒီထုတ်ဖော်ပြောဆိုမှု တစ်ခုတည်းတင်မကဘဲ တောက်လျှောက်မှာ မြန်မာ့နိုင်ငံရေးကို မျက်ခြေမပြတ် စောင့်ကြည့်သွားဖို့ အရေးကြီးတယ်။ လူထုတွေဆီကို တိုက်ရိုက်ရောက်နိုင်မယ့် အကူ အညီတွေ ဖြစ်ဖို့အတွက်ကိုလည်း G7 အနေနဲ့ ပံ့ပိုးကူညီမှုတွေအပြင် ဒီဟာတွေ တကယ်ကို ရောက်ရှိ နိုင်ဖို့အတွက် ယန္တရားတွေ တည်ဆောက်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့လည်း အရေးကြီးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ SCEF က ပြည့်စုံလွှမ်းခြုံသော နိုင်ငံရေး အသွင်ကူးပြောင်းမှု မူဘောင် (Comprehensive Political Transition Framework) တစ်ခုကို အချိန်ယူ ရေးဆွဲပြင်ဆင်နေပြီး G7 ရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ SCEF က ပြင်ဆင်နေတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု မူဘောင်နဲ့ ကွဲလွဲမှုမရှိဘဲ တစ်ထပ်တည်း တူညီနေတယ်လို့လည်း မဇူးပဒုမ္မာက ဆက်ပြောပါတယ်။

အဲ့ဒီ မူဘောင်ဟာ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ဖို့အတွက် လက်ငင်းဆောင်ရွက်ရမဲ့ အစီအမံတွေကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ဖြစ်ရေး ဦးတည်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ဖော်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“အရပ်သားတွေကို အကာအကွယ်ပေးတဲ့ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ပေးဖို့ ကိစ္စတွေအပါအဝင် လူသားချင်းစာနာထောက်မှု အကူအညီ ရရှိဖို့ကနေ စပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို အဆင့်ဆင့် အသွင် ကူးပြောင်းနိုင်ဖို့ ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်” လို့ မဇူးပဒုမ္မာက ပြောပါတယ်။

ဒီမူဘောင်ကို SCEF ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ၊ SCEF အောက်မှာ ပါဝင်နေတဲ့ ဖက်ဒရယ်ယူနစ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ လူထုကိုယ်စားပြု အဖွဲ့အစည်းတွေက ပူးပေါင်း ပြင်ဆင်နေတာဖြစ်သလို မူဘောင်ရေးဆွဲပြီးမှ ချပြတာမျိုး မဟုတ်ဘဲ ပြင်ဆင်နေတဲ့ကာလ တစ်လျှောက်လုံးမှာ ကောင်စီပြင်ပရှိ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီး၊ လက်နက်ကိုင်အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေထံ ရှင်းလင်းချပြတာနဲ့ အကြံဉာဏ်တွေ ရယူတာကို လုပ်ဆောင်နေတယ်လို့ မဇူးပဒုမ္မာက ဆိုပါတယ်။

G7 နိုင်ငံတွေ အနေနဲ့ အဲ့ဒီ နိုင်ငံရေး အသွင်ကူးပြောင်းမှု မူဘောင် ရေးဆွဲရေး လုပ်ငန်းစဉ်မှာ SCEF နဲ့ ထိတွေ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ SCEF က ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်ပဋိပက္ခတွေတင်မကဘဲ စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး အထူးသဖြင့် ပြည်သူတွေ သေကြေပျက်စီးတာ၊ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ၊ ပြည်သူတွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်လုပ်ကိုင်နေရတာ၊ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) စတဲ့ နိုင်ငံရဲ့ အရေးကိစ္စတွေကို စစ်အုပ်စုက မဖြေရှင်းနိုင်ဘဲ စစ်ရဲ့ ဆိုးကျိုးတွေကြောင့် ပြဿနာတွေ ပိုများလာနေတယ်လို့ မဇူးပဒုမ္မာက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုက စစ်လက်နက်နဲ့ အကြမ်းဖက်ဖြိုခွဲနေတဲ့ အခြေအနေမှာ စစ်ရေးတစ်ခုတည်းနဲ့ ဖြေရှင်းရုံနဲ့ လက်ရှိအကျပ်အတည်းတွေ ပပျောက်သွားမှာမဟုတ်ဘဲ စစ်ရေးနဲ့ နိုင်ငံရေး နည်းလမ်း နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ဖြေရှင်းမှသာ အောင်မြင်နိုင်မယ်လို့ မဇူးပဒုမ္မာက အလေးအနက် ပြောဆိုပါတယ်။

“စစ်ရေးကလည်း အရေးကြီးတယ်။ ဒါပေမဲ့ စစ်ရေးတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှပဲ ပိုပြီးမှ လက်တွဲကျမယ်။ စစ်ရေး၊ နိုင်ငံရေး နှစ်ခုလုံးပေါင်းပြီး တစ်ပြိုင်နက်တည်း ဖြေရှင်းမှပဲ ရလိမ့်မယ်လို့ ကျမတို့အနေနဲ့ လက်ခံတယ်” လို့ မဇူးပဒုမ္မာက ပြောပါတယ်။

တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့၊  အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်း ဦးဆောင် လမ်းညွှန် အကောင်အထည်ဖော်ဖို့အတွက် SCEF ကို မတ်လ ၃၀ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #SCEF #G7နိုင်ငံခြားရေးဝန်ကြီး

Related Articles

Back to top button