ရခိုင်ရိုးမအခြေ မင်းတုန်းနယ်မှာ စစ်အုပ်စု အင်အားထောင်ချီသုံး ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ပြင်းထန်၊

တိုက်ပွဲမှာ အလောင်းနဲ့ လက်နက် ရပြီး စစ်အုပ်စုထံက ထွက်ပြေးလာသူ ငါးဦးလည်း ဖမ်းမိ၊
အီသာရမ်/MFP၊ ဩဂုတ် – ၃၀
မကွေးတိုင်း၊ သရက်ခရိုင်၊ ရခိုင်ရိုးမအခြေရှိ၊ မင်းတုန်းမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက အင်အား ထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်လို့ ဒေသခံ တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလ ဧပြီလကုန်ပိုင်းက စတင်ကာ ရခိုင်ရိုးမအခြေ၊ မင်းတုန်းနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် အင်အား ထောင်နဲ့ချီ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ပြီး ထင်တိုင်းမပေါက် ရှေ့မတိုးနိုင်တာကြောင့် ယခု ဩဂုတ်လအတွင်း နောက်ထပ် အင်အား ထောင်နဲ့ချီ တပ်မံ ပို့လွှတ်ကာ စစ်ကြောင်း ဆက်ထိုးနေတာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MFP ကို ပြောပါတယ်။
“မင်းတုန်းမှာဆိုရင် ဒါက ဒုတိယအကြိမ်လို့ ပြောလို့ရတာပေါ့။ (စစ်အုပ်စု) အင်အား ၁၅၀၀၊ ၂၀၀၀ လောက် ထပ်ပို့ပြီးတော့ ဒုတိယအကြိမ် စစ်ကြောင်းထိုးတာက အခုမှ အစပိုင်းပဲ ရှိသေးတယ်။ လက်ရှိ မင်းတုန်းနယ်၊ မင်းတုန်းအနောက်ခြမ်း၊ ရခိုင်ရိုးမအစပ်တွေကို စစ်ကောင်စီကနေပြီးတော့ ၄လပိုင်း (ဧပြီ) အကုန်၊ ၅လပိုင်း (မေ)လောက်ကတည်းက အင်အား ၁၀၀၀ လောက် ပို့ပြီးတော့ အခုလိုမျိုး စစ်ကြောင်းထိုးခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီမှာ သူတို့တွေ ရှေ့မတိုးနိုင်တဲ့အတွက် နောက်ထပ် အခုလိုမျိုး အင်အားတွေ ဖြည့်ပြီးတော့ ထပ်ပြီးတော့ စစ်ကြောင်းတွေ ထပ်ထိုးနေတာ ဖြစ်ပါတယ်”

စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ အသုံးပြုကာ ရခိုင်ရိုးမအခြေ မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး လေကြောင်းပစ်ကူ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်နေပေမယ့် မြေပြင်တိုက်ပွဲမှာ အထိနာ အသေများနေတယ်လို့ ကိုမြတ်က ဆက်ပြောပါတယ်။
ဩဂုတ် ၂၉ရက် ည ၇နာရီအချိန် မင်းတုန်းမြို့ အနောက်ခြမ်းမှာ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စု အင်အား ၅၀ လောက်ကို အသင့်စောင့်ကြို တိုက်ခိုက်ရာ ၁၀မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ထွက်ပြေးလို့ လိုက်လံ ရှင်းလင်းချိန် MA – 3 တစ်လက် အပါအဝင် ခဲယမ်းနဲ့ စစ်အုပ်စု အလောင်းတွေ သိမ်းဆည်းရရှိ တယ်လို့ PDF သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ မင်းတုန်းနယ်ထဲရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် စစ်ကြောင်းထိုးဖို့ ရောက်ရှိ နေတဲ့ စစ်အုပ်စု အင်အား ၂၀၀ လောက်ထဲကနေ ရိက္ခာရှာဖို့ ထွက်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်စဉ်ကတော့ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ထဲကနေမှ ၅၀ လောက် က သူတို့ ရိက္ခာ လိုအပ်ချက်အရ ထွက်ရှာပုံ ပေါ်ပါတယ်။ အဲ့တာကို ကျနော်တို့က တိုက်ခိုက်တာ ဖြစ်တယ်။ အဲ့ဒီမှာ ရန်သူ့ဘက်က အလစ်အငိုက် မိသွားပြီးတော့ သူတို့တွေ ကြီးကြီးမားမား ပြန်လည် ခုခံချိန် မရဘဲနဲ့ ကစဉ့်ကလျှား ပြန်ဆုတ်ခွာသွားကြတယ်။ သူတို့ ဒဏ်ရာရတာတွေကို ဆွဲခေါ်သွားတာ တွေလည်း ရှိတယ်” လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MFP ကို ပြောပါတယ်။

မင်းတုန်းနယ် တိုက်ပွဲတွေအတွင်း စစ်အုပ်စု အထိနတာကြောင့် ထွက်ပြေးသူတွေလည်း ရှိနေပြီး ဩဂုတ် ၂၉ရက် မနေ့ကလည်း မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပို့လွှတ်ထားတဲ့ စစ်အုပ်စုထဲကနေ တပ်ကြပ်အဆင့် တစ်ဦး၊ ဒုတပ်ကြပ်အဆင့် နှစ်ဦးနဲ့ ပစ ခေါ် စစ်မှုထမ်းတပ်သား နှစ်ဦး တို့ကို ဖမ်းဆီးရမိလို့ ထိန်းသိမ်းထားတယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
အဲ့ဒီ ဖမ်းမိသူတွေဟာ တိုက်ပွဲအတွင်း ဖမ်းမိတာမျိုး မဟုတ်ဘဲ စစ်အုပ်စုထံကနေ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောပါတယ်။
“ဖမ်းမိတာက တခြား စစ်ကြောင်းကနေ ထွက်ပြေးလာသူတွေကို ဖမ်းမိထားတာပါ”

ရခိုင်ရိုးမတောင်ခြေရှိ မင်းတုန်းမြို့နယ်ဟာ အာရက္ခတပ်တော် – AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့လည်း ထိစပ်နေပါတယ်။
စစ်အုပ်စုဟာ မင်းတုန်းမြို့နယ်ကို အခြေပြုပြီး AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုး ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်သလို AA တပ်တွေ မကွေးတိုင်းထဲ ဝင်မလာနိုင်ရေး ကာကွယ်နိုင်ဖို့ ကြိုးစားနေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
မင်းတုန်းနယ်ထဲ အသေခံ စစ်တိုက်ခိုင်းဖို့ ထပ်မံပို့လွှတ်ထားသူတွေဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ရှမ်းပြည် ကလောမြို့ အခြေစိုက် တပ်မ ၅၅ ခေါ် အမှတ် ၅၅ ခြေမြန်တပ်မ ဌာနချုပ်က ပေါ်တာဆွဲ စစ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ကလောမြို့ တပ်မ ၅၅ အတွက် လိုအပ်တဲ့ စစ်သားသစ်တွေ ရဖို့ မိတ္ထီလာနဲ့ ဝမ်းတွင်းနယ်တကြော ပေါ်တာဆွဲ စုဆောင်းတာ ဖြစ်ပြီး အဲ့ဒီကတဆင့် ဟိုပုံးမြို့ စစ်သင်တန်းကျောင်းကို ပို့တာလည်း ဖြစ်ပါတယ်။

ဩဂုတ် ၂၉ရက်က သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲ စစ်အုပ်စုကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ ထွက်ပြေးလာတဲ့ စစ်အုပ်စု တချို့ကို ဖမ်းမိစဉ်/Photo – သရက်ခရိုင် တပ်ရင်း ၄
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #သရက်ခရိုင်PDFတပ်ရင်း၄ #ရခိုင်ရိုးမမင်းတုန်း #မကွေး



