ပခုက္ကူ မြစ်ခြေမြို့ တိုက်ပွဲ လေကြောင်းပစ်ကူတဲ့ စစ်အုပ်စုက ကျေးရွာတွေပါ ဗုံးကြဲလို့ ပြည်သူ လေးဦး သေဆုံး၊

အီသာရမ်/MFP၊ စက်တင်ဘာ-၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ ဒီမနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန် လေကြောင်းပစ်ကူတဲ့ စစ်အုပ်စုက ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲလို့ ဒေသခံ အရပ်သား လေးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၄ ရက် ဒီနေ့မနက် ၄ နာရီခန့်က စတင်ပြီး မြစ်ခြေမြို့ရှိ စစ်အုပ်စုရဲ့ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ် ဒေသအခေါ် BPI တပ်ကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး စစ်အုပ်စု အထိနာ အသေများနေချိန် ပခုက္ကူမြို့နဲ့ ပုဂံ -ညောင်ဦးမြို့က တက်လာတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Gyrocopter – ဂျိုင်ရိုကော်ပတာတွေနဲ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲ ပစ်ကူပေးခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့ နေရာတွေသာမက ပြည်သူကို ပစ်မှတ်ထားကာ မြစ်ခြေမြို့အနီးရှိ ကျေးရွာတွေကိုပါ ဗုံးပတ်ကြဲလို့ အိုင်ကြီးကျေးရွာက ပြည်သူနှစ်ဦးနဲ့ ပေါက်တောကျေးရွာက ပြည်သူ နှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးကာ နောက်ထပ် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ်အဆောက်အဦးတွေလည်း ပျက်စီးတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
““ဂျိုင်ရိုကော်ပတာ ကြဲတဲ့အချိန် သေတာဗျ၊ နေ့လည်ထိတော့ အလောင်း ကောက်မရသေးဘူး၊ ပေါက်တောက နှစ်ဦး အိုင်ကြီးက နှစ်ဦး”
စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးတဲ့ ပြည်သူတွေဟာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဖြစ်ပြီး နေ့လည်ပိုင်းအထိ အလောင်းတွေ မကောက်ယူနိုင်သေးဘဲ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူလေးဦးလည်း ဆေးကုသနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

မြစ်ခြေမြို့ရှိ စစ်အုပ်စုရဲ့ BPI တပ်နဲ့ ကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာလည်း မနက် ၄နာရီကျော်ကနေ ၈နာရီကျော်အထိ အချိန် လေးနာရီကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပုဂံမြို့ရဲ့ ဧရာဝတီမြစ်တဖက်ကမ်း၊ ပခုက္ကူမြို့နဲ့ မိုင် ၂၀ ဝန်းကျင်အကွာရှိ မြစ်ခြေမြို့မှာ စစ်အုပ်စု အထိုင်စခန်းတွေ အဖြစ် BPI တပ်နဲ့ တိုက်နယ်ရဲစခန်းတွေ ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း မြစ်ခြေမြို့ရှိ စစ်အုပ်စုရဲ့ BPI တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အသေအဆုံး များသလို အရှင်ဖမ်းမိတာတွေ ရှိခဲ့ပါတယ်။

ယခု ၂၀၂၆ ဇွန်လမှာလည်း မြစ်ခြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတွေက စီးနင်း တိုက်ခိုက်ရာ စစ်အုပ်စု အသေအပျောက် များသလို သုံ့ပန်းတွေ ဖမ်းမိကာ ရဲစခန်းကိုလည်း သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးလိုက်ပြီမို့ မြစ်ခြေမြို့မှာ BPI တပ်တစ်ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
မြစ်ခြေမြို့ရှိ စစ်အုပ်စုဟာ သာမန်အခြေအနေမှာ စခန်းတွေထဲ ခိုအောင်းနေလေ့ရှိပေမယ့် တခါတရံ ပခုက္ကူနဲ့ ပုဂံ-ညောင်ဦးက လာတဲ့ စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို ရန်ပြုသတ်ဖြတ်၊ ငွေညှစ်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၂ ရက်အထိ ပခုက္ကူနဲ့ ပုဂံ-ညောင်ဦးက လာတဲ့ စစ်အုပ်စုနဲ့ မြစ်ခြေက စစ်အုပ်စုတွေ ပေါင်းကာ မြစ်ခြေမြို့ကို စီးနင်းပြီးနောက် ဒေသခံပြည်သူ ၄၀ ခန့်ကို သတ်ဖြတ်ခဲ့သလို မြစ်ခြေစျေးကြီး အပါအဝင် အိမ်ခြေ ၁၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။



စက်တင်ဘာ ၄ရက် မနက်ပိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာ တိုက်ပွဲဖြစ်ချိန် စစ်အုပ်စုက ပြည်သူကို ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့ ဒေသခံ အရပ်သားပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



