
ပုဂံ-ညောင်ဦးမှာ လေကြောင်းလက်နက်တွေ တပ်ဆင်ပြီးနောက် ဒေသတွင်း ဗုံးပတ်ကြဲနေတာဖြစ်၊
အီသာရမ်/MFP၊စက်တင်ဘာ-၁၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နဲ့ မြိုင်မြို့နယ်ထဲ ဒီကနေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပတာ (Gyrocopter) အမျိုးအစား ရဟတ်ယာဉ်နဲ့ ဗုံးပတ်ကြဲလို့ အရပ်သား ပြည်သူ ၁၀ဦး ဒဏ်ရာရကာ အိုးအိမ်တွေ ပျက်စီးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် ဒီနေ့ မနက် ၁၁ နာရီအချိန် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အိုင်ရှည်ရပ်ကွက်အနီးကို စစ်အုပ်စုက ပုဂံ-ညောင်ဦးမြို့ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲရာ ဒေသခံပြည်သူ ငါးဦး ဒဏ်ရာရပြီး တစ်ဦး ခြေထောက် ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။
“ပြည်သူငါးဦး မစိုးရိမ်ဒဏ်ရာ ရခဲ့တာမှာ တစ်ဦးကတော့ ခြေထောက် ဖြတ်ရတယ်၊ ဘာသတင်းတွေ မှားရလို့လည်း မသိပါဘူး၊ အရင်ရက်တွေကလည်း ကာမီကာဆီတွေနဲ့ နေ့တိုင်း လာကြဲနေတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီနောက် နေ့လည် ၃နာရီအချိန်မှာလည်း ပုဂံ-ညောင်ဦးမြို့ကနေ တက်လာတဲ့ ဂျိုင်အိုကော်ပတာ သုံးစီးနဲ့ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်၊ ကျောက်ခွက်ရေနံမှော်အနီး၊ ဆုံကုန်းကျေးရွာကို ဗုံးကြဲရာ ပြည်သူ ငါးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ မြိုင်နယ်၊ ကျောက်ခွက်ရေနံမှော်အနီးက ဆုံကုန်းကျေးရွာကို စစ်အုပ်စုက ဂျိုင်အိုသုံးစီးနဲ့ ဗုံးငါးကြိမ် ကြဲချခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ ငါးဦးထဲက တချို့မှာ ပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း ပုဂံ-ညောင်ဦးမြို့မှာ ဂျိုင်အိုကော်ပတာနဲ့ ပါရာမော်တာ (Paramotor) အပါအဝင် လေကြောင်းလက်နက်တွေ တိုးချဲ့တပ်ဆင်ပြီးနောက် ဒေသတွင်း ဗုံးကြဲသတ်ဖြတ်တာတွေ နေ့စဉ်ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက်ပိုင်း မြစ်ခြေမြို့ကို စစ်အုပ်စုက ဗုံးကြဲတာဟာ သုံးရက်ဆက် လေကြောင်းတိုက်ခိုက် ဗုံးကြဲတာ ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေကလည်း ပုဂံ-ညောင်ဦးမြို့နဲ့ ပခုက္ကူမြို့ကနေ ပျံတက်တဲ့ ဒရုန်းတွေနဲ့ မြစ်ခြေတိုက်နယ်ထဲ ဗုံးကြဲခဲ့သေးပြီး ပြည်သူ ထိခိုက်မှု မရှိဘဲ အိုးအိမ် ပျက်စီးတာတွေပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်နယ် ရေနံမှော်တွေဘက်ကိုတော့ စစ်အုပ်စု စစ်ကြောင်းထိုးနေတာ သုံးလကျော်ကြာ ရှိလာပြီး ကျောက်ခွက်ရေနံမှော်အနီးက တဲကြီးကျေးရွာထဲ စစ်အုပ်စု ခိုအောင်းနေတာ တစ်လနီးပါးကြာ ရှိလာပြီဖြစ်ကာ အဲ့ဒီ တဲကြီးရွာအနီးက ဆုံးကုန်းကျေးရွာကို ဒီကနေ့ ဗုံးကြဲတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူနယ် မြစ်ခြေမြို့နဲ့ မြိုင်မြို့နယ်ထဲ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



