
အီသာရမ်/MFP၊စက်တင်ဘာ-၂၄
မကွေးတိုင်း၊ဆိပ်ဖြူနယ်မြောက်ပိုင်းက ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ နေအိမ်အဆောက်အဦးတချို့နဲ့ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ဆိပ်ဖြူနယ် ဂျုတ်ချောင်းကြီးရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုက မြေပြင်တိုက်ပွဲ မရှိဘဲ ဆိပ်ဖြူနယ်မြောက်ပိုင်းက ရွာတစ်ရွာကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တချို့နဲ့ ဆိုင်ကယ်တွေ ပျက်စီးသွားတာပါ။



“ကျေးရွာထဲကို ချတာ၊စစ်ကြောင်းနဲ့လည်းမနီးဘူး တိုက်ပွဲလည်း မရှိဘူး စစ်ကြောင်းနဲ့လည်း တော်တော်ဝေးတယ်၊ကာမီကာဇေ ဒရုန်းတွေက ပိုကြောက်ဖို့ကောင်းတာက ပစ်မှတ်တိကျတယ် ပြည်သူတွေလည်း သတိထားစေချင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်ကလည်း ဆိပ်ဖြူမြို့နယ် တမာချောင်ကျေးရွာအနီးမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ပြည်သူတစ်ဦးတို့ သေဆုံးခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ ဆိပ်ဖြူနယ် အနောက်ခြမ်းက ကပစ-၂၁နဲ့ ၂၂ ကနေ ခဲယမ်းတွေ သယ်ယူဖို့အတွက် ဆိပ်ဖြူ-ဆော လမ်းမပေါ်က မြေကြမ်းတောကျေးရွာ၊ဂျုတ်ချောင်ကြီးကျေးရွာ၊ဂွေးပင်ကျေးရွာ နဲ့ ဆယ်မိုင်လမ်းဆုံတို့မှာ အထိုင်ချတပ်စွဲထားတာ တစ်လကျော်ရှိလာပြီး အဲဒီအထိုင်စခန်းတွေကနေ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေသလို ဒရုန်းတွေနဲ့လည်း မကြာခဏ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ဆိပ်ဖြူ-ဆော လမ်းမပေါ်က ကျေးရွာတွေဖြစ်တဲ့ ထိန်ကန်၊တမာချောင်၊တဲကြီး၊ထန်းပင်ကန်၊စိန်ပန်းကုန်းကျေးရွာ စတဲ့ကျေးရွာတွေနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ ထောင်ချီဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ တစ်လခန့် ကြာမြင့်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
ဆိပ်ဖြူမြို့နယ်က ကပစ-၂၁ က လက်နက်ငယ်တွေ ထုတ်လုပ်နေတာဖြစ်ပြီး၊ ကပစ ၂၂ ကတော့ လေယာဉ်ပစ်ဗုံးသီးတွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ကပစ-၂၁ နဲ့ ၂၂ ကနေ လက်နက်ခဲယမ်းတွေ သယ်ယူဖို့နဲ့ လမ်းပိုင်းစိုးမိုးဖို့အတွက် ဆိပ်ဖြူ-ဆော လမ်းပိုင်းကို လုံခြုံရေးတိုးမြှင့်ထားသလို အင်အားတွေထပ်မံ ဖြည့်တင်းထားတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မကွေးတိုင်းထဲက စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁၊၂၂)နှစ်ခုနဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တို့ရှိတဲ့ ဆိပ်ဖြူနယ်ကို စစ်အုပ်စုက တပ်နယ်အဖြစ် ပြောင်းလဲကာ အမှတ်(၉) လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်၊တပ်မမှူးက ဆိပ်ဖြူမြို့နယ်တပ်မမှူးအဖြစ် တာဝန်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆိပ်ဖြူမြို့နယ်နဲ့ ထိစပ်နေတဲ့ ချောက်မြို့နယ် အမှတ်-၁၃ ခလရတပ်ရင်း၊စလေမြို့အထိုင်တပ် ခမရ-၄၁၆ နဲ့ ဝါဇီငွေစက္ကူစက်ရုံအထိုင်တပ်တို့အားလုံးလည်း ဆိပ်ဖြူတပ်နယ်ထဲမှာ ပါဝင်သွားတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်အုပ်စုက ဧပြီလကုန်ကစတင်ကာ စစ်ရေးပြင်ဆင်လာခဲ့တာဖြစ်ပြီး ဆိပ်ဖြူ-ဆော လမ်းပိုင်းကို အသုံးပြုပြီး ယောဒေသကနေတဆင့် ချင်းပြည်နယ်ကို စစ်ကြောင်းပြန်ထိုးဖို့ အင်အားဖြည့်တင်းတာတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဆိပ်ဖြူနယ်အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့က ဆိပ်ဖြူနယ် ကျေးရွာတစ်ရွာကို စစ်အုပ်စုက ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်သွားစဉ်/ဓာတ်ပုံ-ဒေသခံ



