
ရွာတွေကိုပါ စီးနင်းလုယက် မီးရှို့ကာ ရွာထဲ တပ်စွဲထားလို့ ပြည်သူတွေ ထွက်ပြေးနေရ၊
အီသာရမ်/MFP၊ စက်တင်ဘာ-၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ နယ်မြေမစိုးမိုး မထိန်းချုပ်နိုင်လို့ ဆက်ကြေးငွေ မကောက်ခံ နိုင်တော့တဲ့ တနိုင်တပိုင် ရေနံတွင်းတွေကို အာဏာသိမ်း စစ်အုပ်စုက တရားမဝင်ဘူးလို့ အကြောင်းပြကာ လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုးပြီး လိုက်လံ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်က စတင်ပြီး ပုဂံ-ညောင်ဦးမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၂၀၀ လောက်ဟာ ပုဂံမြို့တဖက်ကမ်း၊ ပခုက္ကူနယ်ရှိ ရေနံချပ်ရွာ၊ ရွာသစ်ရွာနဲ့ အဲ့ဒီ ရွာတွေအနီးရှိ ရေနံမှော်၊ ရေနံတွင်းတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပုဂံမြို့တဖက်ကမ်း၊ ပခုက္ကူနယ်ရှိ ကျေးရွာတွေနဲ့ ရေနံမှော်တွေကို စီးနင်းလုယက် မီးရှို့ ဖျက်ဆီးတဲ့ စစ်အုပ်စုဟာ ဖောက်ထွင်းခိုးယူလို့ရတဲ့ ပြည်သူပိုင် ပစ္စည်းတွေနဲ့ ချက်ပြုတ် စားသောက်ကာ ရွာထဲက ပြန်မထွက်ဘဲ ဆက်လက် အထိုင်ချတပ်စွဲ ရန်ပြုနေလို့ ပြည်သူတွေ ထွက်ပြေးနေကြရတာ ၁၀ရက်ကျော်ကြာပြီလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ကြောင်းက မီးတော့ ထပ်မရှို့ဘူး၊ ပထမရှို့တာတွေပဲ ရှိတာ၊ အခုထိတော့ ရွာထဲမှာရော ရေနံတွင်း တွေ ဘက်ရော ဖြန့်ထားတယ် ထင်တယ်၊ ရှောင်တာက တချို့ကျလည်း ပုဂံဘက် ပြေးကြတယ်”

အဲ့ဒီ ရေနံချပ်ရွာအနီးရှိ ရေနံတွင်း၊ ရေနံမှော်တွေကို စစ်အာဏာသိမ်းစမှာ စစ်အုပ်စုက ဆက်ကြေးငွေ ကောက်ယူကာ ဒေသခံတွေကို တနိုင်တပိုင် တူးဖော်လုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ လတွေအတွင်း အဲ့ဒီဒေသကို စစ်အုပ်စု နယ်မြေမစိုးနိုင်တော့ဘဲ ရေနံတွင်းတွေကနေ ဆက်ကြေးငွေ မကောက်ယူနိုင်တော့တာကြောင့် အခုလို လက်နက်အားကိုးနဲ့ စီးနင်းလုယက် မီးရှို့ ဖျက်ဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေနံချပ်ရွာ ရေနံလုပ်ငန်းတွေကို ဆိက္ခဝကျေးရွာ ပျူစောထီးတွေနဲ့ စစ်အုပ်စုက ဆက်ကြေးငွေ ကောက်ယူခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေက နယ်မြေသိမ်းပိုက်လိုက်လို့ ဆိက္ခဝကျေးရွာက ပျူတွေ ရွာအပြင်ကို မထွက်ရဲတော့တဲ့အချိန် အခုလို ရေနံတွင်းတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဆက်လက် အထိုင်ချ တပ်စွဲကာ ရန်ပြုနေလို့ ရွာသစ်၊ ရေနံချပ်၊ အုတ်ကျောင်း၊ ရွာရွာနဲ့ အရာတော် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ရေနံချပ်ရွာနဲ့ ရေနံတွင်းတွေကို စစ်ကြောင်းထိုး စီးနင်းချိန် ကျေးရွာနဲ့ ရေနံမှော်တွေထဲ လေကြောင်း ဗုံးပတ်ကြဲလို့ ဒေသခံ စစ်ဘေးရှောင်ပြည်သူ သုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုဟာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ရေနံမှော်၊ ရေနံတွင်းတွေကိုလည်း လနဲ့ချီကြာ စစ်ကြောင်းထိုးကာ ရနိုင်သလောက် မီးရှို့ ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံမြို့တဖက်ကမ်း၊ ပခုက္ကူနယ်ရှိ ရေနံမှော်၊ရေနံတွင်းတွေကို မစိုးမိုးမထိန်းချုပ်နိုင်တော့ဘဲ ဆက်ကြေး မကောက်နိုင်တော့လို့ လက်နက်အားကိုးနဲ့ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#ပုဂံညောင်ဦး #ပခုက္ကူ #ရေနံချပ် #ရေနံမှော်ရေနံတွင်း



