
ဗုံးတစ်လုံး မပေါက်ကွဲလို့ ပြည်သူတွေ သက်သာရာရ၊
နှစ်ရက်ဆက် ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား လေးဦး သေဆုံးကာ သုံးဦးဒဏ်ရာရထား၊
ရွှေဥ/MFP၊အောက်တိုဘာ-၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ညောင်ပုထိုးကျေးရွာကို စစ်အုပ်စုက ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲတို က်ခိုက်ခဲ့ရာ မသန်စွမ်းတစ်ဦး အပါအဝင် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ရက် ဒီနေ့ညနေ ၄နာရီကျော်မှာ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ညောင်ပုထိုးရွာကို ပါရာမော်တာတစ်စီးနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးစထိမှန်လို့ အသက် ၂၄ နှစ်အရွယ် မွေးရာပါမသန်စွမ်း အမျိုးသားတစ်ဦး ညာဘက်ခြေထောက် ကြေမွပျက်စီးသလို အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း နားရွက်တစ်ဖက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးနှစ်လုံးလုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ တစ်လုံးက မကွဲလို့ ပြည်သူတွေ သက်သာရာရခဲ့ပြီး ပြည်သူတွေအနေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးအနားမနေကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိပေးချက် ကြားတာနဲ့ ဘေးလွတ်ရာမှာ နေထိုင်ကြဖို့လည်း ဒီပဲယင်း-ပအဖ က သတိပေး တိုက်တွန်းထားပါတယ်။

မနေ့က အောက်တိုဘာ ၈ ရက် နေ့လည်ပိုင်းကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ ပျံတက်လာတဲ့ စက်တပ်လေထီးတစ်စီးနဲ့ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မူးကမ်းကြီးရွာ အတွင်းကို ဗုံး နှစ်လုံး ကြဲချခဲ့လို့ တစ်အိမ်တည်းနေ မိသားစုဝင် လေးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။
မနေ့ကဖြစ်စဉ်မှာ သေဆုံးသူလေးဦးထဲက သုံးဦးဟာ လေကြောင်းတိုက်ချိန်မှာ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ ဆေးဝါးကုသဖို့ကြိုးစားနေချိန်မှာ မီးလောင်ဒဏ်ရာ ပြင်းထန်တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပြီး နောက်ထပ်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေနေတဲ့နေရာကို နှစ်ရက်ဆက်တိုက် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ရက်တာ ဗုံးကြဲမှုတွေအတွင်း ဒဏ်ရာရသူသုံးဦးဟာ ဆေးဝါးကုသမှုခံယူနေတယ်လို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် Zarmani Squad က MFPကိုပြောပါတယ်။
“ဆေးဝါးကုသဆဲပါ။”

စစ်အုပ်စုဟာ ဒီရက်ပိုင်းတွေအတွင်း စစ်ကိုင်းတိုင်းအတွင်းက ဒီပဲယင်းမြို့နယ်အပါအဝင် ၊ မုံရွာ၊ ရွှေဘို၊ ဘုတလင်၊ကန့်ဘလူ၊ချောင်းဦး၊ ရေဦး၊ စတဲ့ မြို့နယ်တွေနဲ့ စစ်ကိုင်းနဲ့ ကချင်အစပ် ဟုမ္မလင်း၊ အင်းတော်၊ ထီးချိုင့် စတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ညနေပိုင်းမှာ ဒီပဲယင်းနယ် ညောင်ပုထိုးရွာကို လေကြောင်းတိုက်ခိုက်သွားစဉ်/ဓာတ်ပုံ -ဒီပဲယင်းမြို့နယ်-ပအဖ၊ Zarmani Squad
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဒီပဲယင်း #ရွှေဘို



