မန္တလေးသတင်း

နွားထိုးကြီးမှာ စစ်အုပ်စုက အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင် မိန်းကလေးငယ်တွေကို အုပ်စုဖွဲ့ အဓမ္မကျင့်လို့ တစ်ဦးသေဆုံး၊

မြင်းခြံခရိုင်မှာ တစ်နှစ်ကျော်အတွင်း စစ်အုပ်စုက အမျိုးသမီး ၂၀ ကျော်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့

MN/MFP ၊ အောက်တိုဘာ – ၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်အုပ်စုတွေက တောထဲမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က နွားထိုးကြီးနယ်တောင်ခြမ်း နွားထိုးကြီး-တောင်သာ-မလှိုင် လမ်းပေါ်က ထနောင်းပင်လဲရွာကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေဟာ တောထဲမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အရွယ်အတွင်းရှိ မိန်းကလေးငယ် ငါးဦးကို ဖမ်းဆီးပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

“ထနောင်းပင်လဲရွာဘက် စစ်ကြောင်းထိုးလာတဲ့ (စစ်အုပ်စု)ကောင်တွေက တောတိုက်ထဲမှာ စစ်ဘေးရှောင်နေတဲ့ ကောင်မလေးတွေကို ဖမ်းခေါ်သွားပြီးတော့ ညကြီးမှာ မုဒိမ်းကျင့်တယ်။ အဲဒီလို ကျင့်ပြီးတော့ မနက်ကျ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီလိုဖြစ်ပြီး နောက်တရက်မှာတော့ ကောင်မလေးတွေ မုဒိမ်းကျင့်ခံရတဲ့ သတင်းကပြန့်သွားတယ်။ အဲဒီလို ပြန့်သွားတော့ (စစ်အုပ်စုက) ကောင်မလေးတွေကို ပြန်လာပြီးတော့ ဖမ်းသွားတယ်။ ပြန်ဖမ်းသွားပြီးတော့ ဆေးကုပေးတယ်။ ဆေးကုပေးပြီးတော့ ညပိုင်းမှာ ပြန်လာပို့သွားတာ။ အဲဒီလို ပြုကျင့်ခံရတဲ့အထဲက မိန်းကလေး တစ်ယောက်ကတော့ သေသွားတယ်လို့တော့ ကြားရတယ်။ နှစ်ယောက်က (နွားထိုးကြီး)မြို့ပေါ်မှာ အလုပ်လုပ်တယ်လို့တော့ ကြားရတယ်။ အသက်အရွယ်လေးတွေကတော့ အကြီးဆုံးက ၁၈ နှစ်ပေါ့ အငယ်ဆုံးတွေက ၁၄ နှစ် အရွယ်လေးတွေပါတယ်”လို့ နွားထိုးကြီး ဒေသခံ အမျိုးသားက MFP ကို ပြောပါတယ်။

အဆိုပါ မိန်းကလေးငယ်တွေဟာ တောတိုက်အတွင်းမှာပဲ ဆက်လက် နေထိုင်နေကြသေးတာကြောင့် စစ်အုပ်စုရဲ့ ခြိမ်းခြောက်ခံထားရဖွယ်ရှိနေတယ်လို့လည်း နယ်ခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။

“လက်ရှိ ကောင်မလေးတွေက သူတို့ဖမ်းဆီးခံရတဲ့နေရာမှာပဲ ရှိနေတယ်လို့တော့ ကြားရတယ်။ ခြိမ်းခြောက်ခံထားရတယ်လို့လည်း ထင်ရတာပေါ့။ ပုံစံမပျက် ပြန်ပြီးတော့နေထိုင်နေကြတာ။ ထွက်ပြေးတိမ်းရှောင်တာမျိုးလည်း မရှိဘူး။ ကျွန်တော်တို့ သိရသလောက်ဆိုရင် အဓမ္မပြုကျင့်ခံရတာက အမျိုးသမီး ငါးယောက်ပေါ့နော်။ အဲဒီထဲမှာ တစ်ယောက်က သေသွားတယ်။ သေတဲ့မိန်းကလေးရဲ့ အသက်အရွယ်ကတော့ မသိရသေးဘူး။ အဓမ္မပြုကျင့်ခံရတဲ့ ငါးယောက်ထဲမှာ တစ်ယောက်က သူ့ယောကျ်ား လာခေါ်လို့ ပြန်လိုက်သွားတယ်ဆိုတာတော့ မကြားမိဘူးနော်။ တစ်ယောက် သေဆုံးသွားတာပဲ ကြားထားရတာ။”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ နွားထိုးကြီးမြို့နယ်တောင်ခြမ်းနဲ့ အရှေ့တောင်ခြမ်းနေရာတွေကို စစ်အုပ်စုက ဆက်လက်စစ်ကြောင်းထိုးနေသေးတာကြောင့် အဲဒီမိန်းကလေးငယ်တွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က စစ်အုပ်စုရဲ့ တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အထိနာခဲ့တဲ့ စစ်အုပ်စုက နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ကြောင်းသုံးခုနဲ့ ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုတွေက တောထဲမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖခင်ရှေ့မှာ ကြိုးတုပ်ပြီး အဓမ္မပြုကျင့်ခဲ့ပါသေးတယ်။ ဒါ့အပြင် နွားထိုးကြီးနယ်ထဲက မြဝတီရွာကို စစ်အုပ်စုတွေ မီးရှို့နေချိန် မီးဝင်ငြှိမ်းတဲ့ အမျိုးသမီး တချို့ကိုလည်း စစ်အုပ်စုက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အလားတူ မြင်းခြံမြို့နယ်ထဲမှာလည်း စစ်အုပ်စုနဲ့ပျူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ဩဂုတ်လထိ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ကာလတွေမှာလည်း ဒေသခံ ၁၀ ဦးကျော်ကို သတ်ဖြတ်ပြီး အမျိုးသမီး ခုနစ်ဦးကို ဖမ်းဆီး အဓမ္မ ပြုကျင့်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်းကလည်း တောင်သာမြို့နယ် ရုံးစည်ကြီးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုတွေက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် နှစ်ဦးအပါဝင် စုစုပေါင်း အမျိုးသမီး ခုနစ်ဦးကို ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့သလို စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားနဲ့ နောက်ထပ် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးကိုပါ ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်တွေမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုတွေက ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာလကနေ အခုနှစ် အောက်တိုဘာလဆန်းထိ တစ်နှစ်ကျော်ကာလအတွင်းမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါဝင် စုစုပေါင်း အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့သလို အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်ထောင်နဲ့ချီကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

Related Articles

Back to top button