မန္တလေးသတင်း

မန္တလေးမှာ စစ်မှုထမ်း မဲမနှိုက်ခိုင်းတော့ဘဲ အိမ်လာခေါ်၊ အိမ်ထဲအထိ ဝင်ဖမ်းနေ၊

အုပ်ကြီးအသစ်တွေက ပေါ်တာပိုဆွဲ၊ ငွေပိုညှစ်၊ ထင်တိုင်းကျဲ ဖမ်းဆီးနေ၊

Phoenix/MFP၊ နိုဝင်ဘာ – ၃

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လူငယ်လူရွယ်တွေကို အသေခံ စစ်သားအဖြစ် ဆက်လက် စုဆောင်းနေပြီး အရင်လို မဲနှိုက်ခိုင်းတာမျိုး မလုပ်တော့ဘဲ မဲပေါက်ပြီးသားလို့ဆိုကာ အိမ်အထိ လာခေါ်တာ၊ အိမ်ထဲအထိ စီးနင်းဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ဇွန်လအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုက အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေက သူတို့ စိတ်တိုင်းကျ စီစဉ်ထားတဲ့ စစ်မှုထမ်း မဲစာရင်းတွေ ပြပြီးနောက် အိမ်ထဲ ဝင်ဖမ်းတာ၊ အိမ်အထိ လာပြီး ဖမ်းခေါ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“အခြေအနေတွေက မဲမနှိုက်ရတော့ဘူး။ အိမ်ရှေ့ရောက်လာပြီး စာရွက်ပေးပြီး မင်း မဲပေါက်ထားတယ် ဆိုပြီး ဆေးစစ်၊ တန်းခေါ်ကြတာပဲ။ မဲနံပါတ်လည်း မသိရဘူး။ တချို့ ပျူကောင်တွေဆို အသက် ၁၈ နှစ် မပြည့်သေးဘူး။ လူကောင်ထွားလို့ မှားဆွဲပြီး အိမ်ထောင်စု ဇယားပြမှ ပြန်လွှတ်ပေးတာတွေ ရှိတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ လူငယ်တွေကို မဲနှိုက်ခိုင်းတာ၊ ကြိုတင်အကြောင်းကြားတာတွေ မလုပ်ဘဲ အိမ်ထဲအထိ ဝင်ဖမ်းပြီးမှသာ “စစ်မှုထမ်းကျတယ်” ဆိုတဲ့ စာရွက်ကို မိသားစုထံ ပေးတာဖြစ်ပြီး အဲဒီ စာရွက်မှာလည်း အမှတ်စဉ် ၂၈ လို့ ခဲတံနဲ့ ရေးထားပြီး လက်ရှိမှာ စစ်မှုထမ်း အမှတ်စဉ် ၂၉ အထိ ရောက်နေပြီမို့ စစ်အုပ်စုက ထင်သလို ဖမ်းဆီးပေးတာဆွဲ ငွေညှစ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက် (စိန်ပန်း)၊ ၄၂ လမ်းနဲ့ ၉၁ လမ်း (အုတ်ကျင်း) ဝန်းကျင်မှာ စစ်အုပ်စုက နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး လူငယ်တွေကို ရုတ်တရက် ဖမ်းဆီး ပေါ်တာဆွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်မှာပဲ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနဲ့ ၈၀ လမ်းကြား ကျုံး မြောက်ဘက်ခြမ်းမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်ပြီး ကားပေါ်ဆွဲတင် ပေါ်တာဆွဲသွားတယ်လို့ ဆိုပါတယ်။

တချို့ရပ်ကွက်တွေမှာ မဲစာရင်းမပြနိုင်ပေမယ့်လည်း လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆေးစစ် ရမယ်လို့ အကြောင်းပြကာ ဖမ်းဆီးနေပြီး အဲ့ဒီလို ဖမ်းဆီးထားသူတွေကို အောင်မြေသာစံမြို့နယ်၊ ၁၆ လမ်းနဲ့ ၈၆ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စုပြုံ ချုပ်နှောင်ထားတယ်လို့ မန္တလေးမြို့ခံ မြေပြင် ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Mandalay (VoMdy) က ဖော်ပြပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို လစဉ် လူ ၅၀၀၀ နှုန်း ပေါ်တာဆွဲ စုဆောင်းပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အသေခံ စစ်တိုက်ခိုင်းဖို့အတွက် လူသစ်စုရာမှာ လမ်းပေါ်၊ အလုပ်သွား အလုပ်ပြန် နေရာတွေ၊ ခရီးသွားကားတွေနဲ့ နေအိမ်တွေကနေပါ ဖမ်းဆီး စုဆောင်း ရှိခဲ့ပြီး စစ်မှုထမ်း သင်တန်းတက်ရောက်နေစဉ် ထွက်ပြေးဖို့ ကြိုးပမ်းသူတွေကိုလည်း ပစ်ခတ်ဖမ်းဆီးတာ၊ ပြန်လည် ဖမ်းမိသူတွေကို ရိုက်နှက်နှိပ်စက်တာတွေ ရှိတယ်လို့ စစ်ဘက်ဆိုင်ရာကိစ္စတွေကို စောင့်ကြည့် လေ့လာနေတဲ့ Myanmar Defense and Security Institute (MDSI) က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ လစဉ် ဖမ်းဆီးစုဆောင်း ရရှိသူတွေကို ရက်တို စစ်သင်တန်းပေးနေတာဖြစ်ပြီး လက်ရှိမှာ အမှတ်စဉ် ၂၉ အထိ သင်တန်းဖွင့်လှစ်ထားပြီး ဖြစ်ကာ နိုင်ငံတဝန်း စစ်သင်တန်းကျောင်း ၂၇ ကျောင်းအထိ ဖွင့်လှစ်ထားတယ်လို့ MDSI က ဆိုပါတယ်။

အဓမ္မ စစ်သား စုဆောင်းခံရသူတွေ အနေနဲ့ အခွင့်အရေး ရရှိတဲ့အခါ ထွက်ပြေးကြဖို့နဲ့ အခြေအနေ ပေးပါက လက်နက်တွေပါ ယူဆောင်လာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD က တိုက်တွန်းထားပြီး တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေနဲ့ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုလည်း လိုအပ်တဲ့ ချိတ်ဆက်ကူညီမှုတွေ ဆောင်ရွက် ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#MandalayFreePress #အညာ #မန္တလေး #စစ်သားသစ် #ပေါ်တာဆွဲ

Related Articles

Back to top button