မန္တလေးသတင်း

မန္တလေး TTC ကျောင်းထဲက ငလျင်ဒဏ်ထိ အဆောက်အဦး ဖြိုရာက အလုပ်သမားတစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ၊

TTC ကျောင်းဘေး ၆၈လမ်းပေါ်က လူနေဆိုင်ခန်းတွေကို စစ်အုပ်စုက ဖျက်သိမ်းရွှေ့ပြောင်းခိုင်းနေ၊

Phoenix၊ ကျောက်စိမ်း/MFP၊ နိုဝင်ဘာ – ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပညာရေးကောလိပ် (TTC)ဝန်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အဦးဟောင်းကို ဖြိုဖျက်နေချိန် ပြိုကျကာ အလုပ်သမားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ မနက် ၁၀ နာရီကျော်အချိန် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ် ရပ်ကွက်၊ ၆၆ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားရှိ TTC ကျောင်းဝင်းအတွင်း အလျားပေ ၁၀၀၊ အနံပေ ၃၀ ခန့်ရှိတဲ့ ငလျင်ဒဏ်ထိ နှစ်ထပ် အဆောက်အဦးဟောင်းကို ဖြိုဖျက်နေချိန် ပြိုကျတာလို့ မဏီစလ လူမှုနာမှုကူညီရေးအသင်း (မန္တလေး) က ဖော်ပြပါတယ်။

“ဖြိုလက်စ အဆောက်အဦး ဖြိုရင်းနဲ့ ပြိုကျတာလေ။ အလုပ်သမားတွေ၊ အဆောက်အဦးဟောင်းကို ဖြိုချရင်းနဲ့ ပြိုတာ။ တစ်ယောက်သေတယ်၊ ငါးဦး ထိတယ်။ နှစ်ယောက်လောက်ပဲ စိုးရိမ်ရတာပါ။ ကျန်တဲ့ လူတွေတော့ မစိုးရိမ်ရဘူး။ ကျွန်တော်တို့ သွားတော့ လူနာတွေက ဆေးရုံရောက်သွားပြီ” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

အဆောက်အဦးဖြိုရင်း ပြိုကျတာကြောင့် အလုပ်သမား ငါးဦး ထိခိုက်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဦးမျိုးမင်းထွန်း သေဆုံးကာ ကျန် လေးဦး ဒဏ်ရာတွေ ရတယ်လို့ ဆိုပါတယ်။

“ဖြစ်စဉ် ငါးယောက်အနက် နှစ်ယောက်က အနီရောင်အဆင့်လို့ သိထားရတယ်။ အဲ့ဒီအထဲက တစ်ဦး ဆုံး သွားတာ ဖြစ်မယ်” လို့ လူမှုကူညီရေးအသင်းသား တစ်ဦးကလည်း MFP ကို ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီ TTC ကျောင်းဘေး၊ ၆၈လမ်းပေါ်ရှိ လူနေဆိုင်ခန်းတွေကို စစ်အုပ်စုက ဖျက်သိမ်း ဖယ်ရှားခိုင်းနေလို့ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ မိသားစုတွေ အခက်ကြုံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ပြိုကျတဲ့ အဆောက်အဦးကတော့ ကျောင်းဝင်းထဲက ဖြစ်ပြီး လူနေဆိုင်ခန်းတွေ ဖြိုဖျက်လို့ ပြိုကျတာ မဟုတ်ဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 “ကျောင်းထဲက အဆောက်အဦး‌ဟောင်း တစ်ခုကို ဖြိုချနေတုန်း ဖြစ်သွားတာ”

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ဗထူးအားကစားကွင်း၊ မဟာအောင်မြေအားကစားကွင်း စတဲ့ မန္တလေးမြို့တွင်း အချက်အချာကျတဲ့ နေရာတွေရှိ အားကစားကွင်းနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းလိုင်းခန်း အဆောက်အဦးတွေကို လိုက်လံ ဖြိုဖျက်ကာ ကန်ထရိုက် အသစ်တွေကို လုပ်ပိုင်ခွင့် ချပေးနေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ TTC ကျောင်းထဲက ငလျင်ဒဏ်ထိ အဆောက်အအုံကို ဖြိုချရင်း အလုပ်သမားတစ်ဦး ပိမိ သေဆုံးစဉ်/Photo – မဏီစလ၊ ဒေသခံ

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ငလျင်ဒဏ်ထိအဆောက်အအုံ #TTCမန္တလေး

Related Articles

Back to top button